ရှမ်းနီကျောင်းသားနှစ်ဦး KIA ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရ
2020.07.24
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးရွာမှာ ရှမ်းနီလူမျိုး အသက် ၁၇ နှစ်အရွယ် ကျောင်းသား လူငယ် နှစ်ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သတ်ဖြတ်ခဲ့ပါတယ်။
KIA ဘက်ကလည်း ဝန်ခံထားပြီး မိသားစုဝင်တွေ ကျေနပ်အောင်လုပ်ပေးမယ်လို့ ပြောထားပါတယ်။
အသက် ၁၇ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်ဇော်မျိုးဦးနဲ့ မုံရွာတက္ကသိုလ်မှာ အဝေးသင်တက်ရောက်မယ့် မောင်သန့်ဇင်အောင် တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးတဲ့နောက် ၁၆ ရက် အကြာမှာ KIA ဘက်က သေဆုံးသွားပြီလို့ အကြောင်းကြားလာတယ်လို့ မောင်သန့်ဇင်အောင် ဖခင် ဦးအိုက်ဆန်းက ပြောပါတယ်။
"မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ၊ လောင်းကစားဝိုင်းဘေးနားမှာ ဖြစ်တာ။ ပဋိပက္ခဖြစ်ပြီးတော့ ကားနောက်ဘက်မှာ ထည့်ပြီးတော့ မောင်းပြေးသွားတာ။ သူတို့က ကျောင်းပြန်တက်ဖို့လုပ်နေတာ၊ ၆ ရက်နေ့က ဖြစ်တာ၊ ၇ ရက်နေ့မှာ အဲဒီမှာ ဆုံဖို့လေ။ ကျောင်းတွေပြန်တက်တော့မယ် ဆိုတော့ အဲဒီမှာ ပျော်ပွဲစားထွက်ကြတာ။ အဲဒီမှာ စားရင်းသောက်ရင်းနဲ့ ဆယ်ဇင်းရွာဘက်ကိုရောက်သွားတာ။ ကျနော်တို့က ၇ ရက်နေ့ နေ့လည် ၁၂ နာရီမှ သိရတာ။ သူတို့က နစ်နာကြေးပေါ့ဗျာ... တစ်ယောက်ကို သိန်းနှစ်ရာနဲ့ပေါ့၊ လေးရာပေးခဲ့တယ်"
သူတို့နှစ်ဦးဟာ ညီအစ်ကို ဝမ်းကွဲ တော်စပ်ကြတာဖြစ်ပြီး မောင်သန့်ဇင်အောင်ဟာ ရန်ကုန်ကို မကြာခင်ရက်ပိုင်း ပြန်ဖို့စီစဉ်နေချိန် မပြန်ခင် ညီအစ်ကိုနှစ်ယောက် ပျော်ပွဲစားထွက်ကြရင်းကနေ KIA တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာမှာ အသတ်ခံလိုက်ရတာမို့ KIA ဘက်က တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးစိုင်းဌေးအောင်က ပြောပါတယ်။
"အကြောင်းပြန်ခဲ့တာ မဟုတ်ဘူး၊ ကျနော်တို့ Statement ထွက်တာ၊ ၂၂ ရက်နေ့မှာ ရပ်မိရပ်ဖတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သူတို့ခေါ်ပြီးမှ... ကလေးနှစ်ယောက်ကိုတော့ ကျနော်တို့ လက်လွန်သွားပြီ၊ မိဘတွေကို တောင်းပန်ပါ့မယ်ပေါ့နော်။ မိဘတွေ စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်၊ နစ်နာကြေးလည်း ပေးပါ့မယ်။ နောက်ပြီးတော့ တပ်ဖွဲ့ဝင် ငါးယောက်ကိုလည်း ဖမ်းဆီးထားပါပြီ၊ ပြင်းထန်စွာ အရေးယူပါ့မယ်... ဆိုပြီး KIA ဘက်နေ ပြောလာတဲ့စကားပေ့ါ"
အသတ်ခံရတဲ့ ကျောင်းသားနှစ်ဦးရဲ့အလောင်းကို ချက်ချင်းပြန်ပေးဖို့၊ သေဆုံးသူတွေအတွက် နှစ်နာကြေးပေးဖို့ အပါအဝင် ကံယာကံရှင်မိသားစုဝင်တွေ ကျေနပ်တဲ့အထိ KIA ဘက်က အများပြည်သူရှေ့ ဝန်ချတောင်းပန်ပေးဖို့နဲ့ ကျူးလွန်သူတွေကို ပွင့်လင်းမြင်သာစွာ အရေးယူပေးဖို့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဇူလိုင်၂၃ ရက်နေ့မှာ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။
အခုလိုဖြစ်စဉ်အတွက် KIA တပ်ဖွဲ့ဝင်တွေက လက်လွန်သွားတာကို မိသားစုဝင်တွေ ကျေနပ်အောင် ကြေညာချက် ထုတ်ပြန်တဲ့အဖွဲ့အစည်းတွေကိုလည်း ကျေနပ်အောင် လုပ်ဆောင်ပေးမယ်လို့ KIA အဖွဲ့ က ဒု-ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"ကျနော်တို့ KIA နဲ့ KIO က အဲဒီရှမ်းလူငယ်နှစ်ဦးကို သတ်တာ မဟုတ်ဘူး။ ပြစ်မှုကျူးလွန်တဲ့သူကတော့ ကျနော်တို့ ဝန်ထမ်း ဖြစ်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ KIO က ညွှန်ကြားပြီးမှ အမိန့်ပေးပြီးမှ အခုလိုမျိုး ပြည်သူလူထု ဒါမှမဟုတ် ကျောင်းသား၊ ရှမ်းတိုင်းရင်းသား လူငယ်နှစ်ဦးကို သတ်တာကတော့ KIOနဲ့ ပတ်သက်မှုတော့ မရှိဘူးခင်ဗျာ့။ ပြစ်မှုကျူးလွန်တဲ့ လူကိုတော့ ကျနော်တို့ ခေါ်ယူပြီးမှ... ဘာကြောင့်သတ်တယ် ဆိုတဲ့ကိစ္စကိုတော့ အခု စစ်ဆေးနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်ခင်ဗျာ"
KIA ဘက်ကလည်း ကျူးလွန်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေပြီး ကျောင်းသား နှစ်ဦးတို့ရဲ့ အလောင်းကို မြေပြင် အခြေအနေအရ စုံစမ်းမှုတွေလုပ်ပြီး ပြန်ပေးနိုင်ရေး လုပ်ဆောင်ပေးမယ်လို့လည်း ဒု-ဗိုလ်မှုးကြီး နော်ဘူ က ပြောပါတယ်။
ရှမ်းနီ(တိုင်းလိုင်) တိုင်းရင်းသားတွေကို KIA က အခုလိုသတ်ဖြတ်နေတာတွေ နောက်ထပ်မဖြစ်ပေါ်စေဖို့ ၊ လူမျိုးရေးအရ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့အတွက် အခုလိုကြေညာချက်တွေ ထုတ်ပြန်နေရတာလို့လည်း ရှမ်းနီ(တိုင်းလိုင်) အဖွဲ့အစည်းတွေက ပြောကြပါတယ်။