ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး ၂၁ မှုရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ငါးဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြောပါတယ်။
ရက် ၁၀၀ စီမံချက်အတွင်း တိုင်းနဲ့ပြည်နယ်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ပြီး တရုတ်နဲ့ပူးပေါင်းကာ လူနာတစ်သိန်းကို နယ်လှည့်ဆေးကုသပေးမယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ကြေညာထားပါတယ်။
ဒါပေမဲ့ အဲဒီကာလအတွင်း အကျဉ်းထောင်တွေမှာ ဆေးကုသခွင့် အလုံအလောက်မရတာ၊ အချိန်မီ ဆေးရုံမပို့ပေးတာတွေကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦး သေဆုံးခဲ့တယ်လို့ PPNM က မရောင်နီလင်းက RFA ကို ပြောပါတယ်။
“သေဆုံးမှုတွေဟာ ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့အချိန်မှာ အချိန်မီဆေးကုသခွင့်မရရှိတာ၊ ဆေးရုံတင်ဖို့နောက်ကျတာတွေ၊ ပြီးတော့ သင့်လျော်တဲ့ ဆေးဝါးနဲ့စောင့်ရှောက်မှုမရတာတွေကြောင့် ဖြစ်ပါတယ်။ လိုအပ်တဲ့ဆေးက တစ်မျိုး၊ ပေးတဲ့ဆေးက တစ်မျိုးကြောင့် သေဆုံးခဲ့ကြရတာပါ။ အကျဉ်းသားတစ်ယောက်ရဲ့ အသက်အန္တရာယ်ရှိနေတဲ့အချိန်မှာ အချိန်မီဆေးဝါးကုသခွင့်က အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အချိန်မီ ဆေးကုသပေးတာ၊ ဆေးရုံလွှဲပေးတာတွေ မလုပ်ပေးခဲ့လို့ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးခဲ့ကြရတာပါ”
သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြည်၊ သာယာဝတီ၊ ပေါင်းတည်နဲ့ အိုးဘိုအကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူတွေဖြစ်ပြီး ရင်ကြပ်တာ၊ သွေးတိုးတာနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေ ခံစားခဲ့ရသူတွေ ဖြစ်ပါတယ်။
PPNM မှတ်တမ်းတွေအရ ညှဉ်းပန်းနှိပ်စက်တာနဲ့ တိုက်ပိတ်အရေးယူပြီး ခြိမ်းခြောက်တာ၊ မတရားအမှုတွေ ထပ်တိုးတာနဲ့ ပြန်လည်ဖမ်းဆီးတာ သုံးမှုအပါအဝင် အနည်းဆုံး လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၂၁ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
မကွေး၊ သာယာဝတီ၊ အင်းစိန်၊ ကျိုက်မရော၊ အိုးဘိုနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေမှာလည်း ထောင်စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေနဲ့ စာအုပ်တွေကို သိမ်းတာ၊ တိုက်ပိတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နံပါတ်တုတ်၊ ရာဘာတုတ်တွေနဲ့ ရိုက်နှက်တာ၊ နေပူထဲမှာ အချိန်အကြာကြီး ထိုင်ခိုင်းတာ၊ ရေနဲ့ အစားအသောက် ဖြတ်တောက်တာတွေလည်း ရှိခဲ့တယ်လို့ PPNM က ပြောပါတယ်။
လွတ်ရက်စေ့သွားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုကို ထောင်ဒဏ် ၁၀ နှစ်အထိ ထပ်တိုးတာ၊ ပြန်လည်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
ဒီအချက်လက်တွေဟာ PPNM က လက်လှမ်းမီသလောက် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အရေအတွက်သာဖြစ်ပြီး လက်တွေ့မှာ အခုထက်ပိုများနိုင်တယ်လို့လည်း မရောင်နီလင်းက RFA ကို ပြောပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှု အလွန်နည်းသလို နိုင်ငံတကာဖိအားကို ရှောင်လွှဲဖို့ ဟန်ပြသာဖြစ်ပြီး တစ်ဖက်မှာလည်း ထောင်တွင်းဖိနှိပ်မှုတွေ ဆက်ရှိနေတယ်လို့ PPNM က ထောက်ပြထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် စစ်တပ်ခန့်အစိုးရကို ထိထိရောက်ရောက် ဖိအားပေးဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး တွန်းအားပေးဖို့ PPNM က တောင်းဆိုထားပါတယ်။
