အာဏာသိမ်းစစ်တပ်ကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ KIO ဥက္ကဋ္ဌပြော

လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အဏာသိမ်းစစ်ကောင်စီတပ်ကို အမြစ် ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ က ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါ တယ်။

ဒီလို အမြတ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေး မဟာမိတ်အဖွဲ့၊ ဗမာပြည်သူလူထု၊ ဗမာအဖွဲ့အစည်း တွေနဲ့ လက်တွဲပြီး နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ဗိုလ်ချုပ်ကြီး အန်ဘန်လ က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာကို ကချင်သတင်းမီဒီယာတွေက အသီးသီး ပြန်လည်ဖော်ပြကြပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးတာ ငွေကြေးဥစ္စာ လုယူတာတွေက ၂၁ ရာစုမှာ ဖက်ဆစ်စနစ်ကို ကျင့်သုံးနေတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး အန်ဘန်လက ပြောပါတယ်။ ဒီလို အခြေအနေတွေကို ကချင်ဒေသမှာ နှစ်ပေါင်း ၇၀ ကျော် ကြုံတွေ့ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အာဏာသိမ်းစစ်တပ် အကြား တိုက်ပွဲတွေပြန်ဖြစ်လာချိန်မှာ ကချင်ပြည်သူတွေထံက ထောက်ပံ့တဲ့ အစားအသောက်၊ ဆေးဝါး၊ အသုံးအဆောင်၊ ငွေကြေးတွေကို လက်ခံရရှိတယ်လို့ ဗိုလ်ချုပ်ကြီး အန်ဘန်လ က ပြောပါတယ်။

ဒါ့အပြင် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေက နေ့ညမပြတ် ကူညီပေးနေတာဟာလည်း သမိုင်းမှတ်တမ်းတစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုတော့ ၁၉၆၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် KIO\KIA ရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်တဲ့ GOC Lahtaw Zau Seng ဟာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာ လုပ်ကြံခံခဲ့ရတဲ့အတွက် အဲဒီနေ့ကို ကချင်အာဇာနည်နေ့ အဖြစ် KIO\KIA နဲ့ ကချင်ပြည်သူလူထုက သတ်မှတ်ခဲ့တာပါ။

KIO\KIA အနေနဲ့ မြစ်ဆုံဒေသ မြောက်ဘက်ခြမ်းကို မြောက်ပိုင်းတိုင်း၊ မြစ်ဆုံတောင်ဘက် ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းကို အနောက်ပိုင်းတိုင်း၊ မြစ်ဆုံတောင်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကို အရှေ့ပိုင်း တိုင်း၊ ကချင်ပြည်နယ် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းကို KIO/KIA ရဲ့ တောင်ပိုင်းတိုင်းအဖြစ် သတ်မှတ်ပြီး အုပ်ချုပ်ရေးနယ်မြေ ၄ ခု ခွဲခြားအုပ်ချုပ်နေတာဖြစ်ပါတယ်။