သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ မြန်မာ နှစ်ဦးကို ဖမ်းမိ

2021.08.06
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ မြန်မာ နှစ်ဦးကို ဖမ်းမိ ၂၀၂၁ ဇွန်လ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် တွေ့ရသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Photo: RFA

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန် တရားရေးဝန်ကြီးဌာန လက်အောက်ခံ နယူးယောက်မြို့ တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက သြဂုတ်လ ၆ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် အမည်ရှိ မြန်မာနှစ်ဦးကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးလိုက်တာလို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) ရဲ့ နယူးယောက်မြို့ရုံး လက်ထောက်ညွှန်ကြားရေးမှူး Jacqueline Maguire၊ နယူးယောက်ပြည်နယ် တောင်ပိုင်းခရိုင်ရှေ့နေ Audrey Strauss နဲ့ နယူးယောက်မြို့တော် ရဲမင်းကြီး Dermot Shea တို့က ကြေညာလိုက်ပါတယ်။

သူတို့ နှစ်ဦးဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ပိုင်နက်အတွင်း သတ်ဖြတ်ဖို့ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြတယ်လို့…ပြည်နယ် တောင်ပိုင်းခရိုင်ရှေ့နေ Audrey Strauss က ပြောပါတယ်။

နယူးယောက်မြို့မှာနေထိုင်တဲ့ ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ နှစ်ဦးဟာ ဦးကျော်မိုးထွန်းကို လုပ်ကြံ တိုက်ခိုက်ဖို့အတွက် ဇူလိုင်လနဲ့ သြဂုတ်လ ၅ ရက်အတွင်းက ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလိုကြံစည်နေချိန်အတွင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ ထိုင်းနိုင်ငံအခြေစိုက် လက်နက်မှောင်ခို တစ်ဦးကို ဖြိုးဟိန်းထွဋ် က ဆက်သွယ်ခဲ့ပါတယ်။ အဲဒီလက်နက်မှောင်ခိုနဲ့ ဆက်သွယ်ဆွေး‌နွေးရာမှာ ကြေးစားလူမိုက်တွေ ငှားပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့နဲ့၊ အဲဒီလို တိုက်ခိုက်လို့မှ ဦးကျော်မိုးထွန်း တာဝန်ကနေ နုတ်ထွက်မသွားသေးရင် သတ်ပစ်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို ဖုန်းနဲ့ဆက်သွယ်ပြီး ငွေလွှဲဝန်‌ဆောင်မှုပေးတဲ့ မိုဘိုင်းအက်ပ် တစ်ခုကတဆင့် စရန်ငွေအဖြစ် ဒေါ်လာ လေးထောင် လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့ ဒုတိယအဆင့် အဖြစ် ဦးကျော်မိုးထွန်းကို "အပြတ်ရှင်း" မယ်ဆိုရင် အဲဒီ ကြေးစားလူမိုက်တွေကို နောက်ထပ် ဒေါ်လာတစ်ထောင် ပေးဖို့ ဖြိုးဟိန်းထွဋ်က ဆွေး‌‌နွေးရာမှာ ရဲဟိန်းဇော်က သဘောတူခဲ့တယ်လို့ တရားရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
zelle.png

zelle1.png
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြေးစားငှားရမ်းခအတွက် ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို Zelle မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုမှတဆင့် နောက်ထပ် ဒေါ်လာနှစ်ထောင် လွှဲပေးခဲ့ကြောင်း FBI မှ ဖော်ထုတ်ရရှိသည့် အထောက်အထား။ (Screenshot: U.S. Attorney’s Office, Southern District of New York)


လက်ရှိမှာ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော်တို့ကို တစ်ဦးတစ်ယောက်အား တိုက်ခိုက်ရန်ကြံစည်မှု၊ နိုင်ငံခြား သံတမန်တစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းမှုတွေနဲ့ နယူးယောက်ပြည်နယ် White Plains မြို့က ခရိုင်တရားရုံးမှာ စွဲချက်တင်ထားပါတယ်။ အမေရိကန်လွှတ်တော်က ပြဌာန်းထားတဲ့ဥပဒေအရ ဒီလို အမှုမျိုးမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပေမယ့်၊ ဒီအမှုကို စီရင်တဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကသာ အပြီးအပြတ်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဌာနတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံခြားသံတမန်တွေရဲ့ လုံခြုံရေးအတွက် မနေမနား အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေကြတဲ့အပေါ် ချီးကျူးပါကြောင်း နယူးယောက်ပြည်နယ် တောင်ပိုင်းခရိုင်ရှေ့နေ Audrey Strauss က ပြောပါတယ်။

FBI လက်ထောက်ညွှန်ကြားရေးမှူး Jacqueline Maguire ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ကို လုပ်ကြံသတ်ဖြတ်မဲ့ သတင်းအချက်အလက် ရရချင်းမှာပဲ အလျင်အမြန် စုံစမ်းထောက်လှမ်းခဲ့ကြတဲ့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ဥပဒေအဖွဲ့အစည်းတွေကို အင်မတန် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာပြည်က စစ်ခေါင်းဆောင်တွေဟာ အခုလို လုပ်ကြံသတ်ဖြတ်တာတွေကို အရင်ကလည်း ကျူးလွန်ဖူးတယ်လို့ ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နေထိုင်သူ ဒေါက်တာတင့်ဆွေက ဩဂုတ် ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။

"နဝတ နအဖ အစိုးရလက်ထက်ကလည်း ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ထဲက ဝန်ကြီးနှစ်ဦးဟာ ပြည်ပမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရပါတယ်။ တစ်ဦးက တရုတ်ပြည်မှာ တစ်ဦးက ထိုင်းနိုင်ငံမှာ ဖြစ်ပါတယ်။ အဲ့ဒီလုပ်ကြံမှုနောက်မှာ စစ်အစိုးရပါတယ်လို့ ကျနော်က တထစ်ချ ယုံကြည်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ သူ့အတိုက်အခံတွေကို ဘယ်နေရာနေနေ သတ်ဖြတ်ဖို့ ရှင်းလင်းဖို့ ဝန်မလေးဘူးလို့ သမိုင်းသာဓက ရှိပါတယ်။ အာဏာရှင်နိုင်ငံတွေလို့ ပြောနိုင်တဲ့ မြောက်ကိုရီးယားရယ် အလားတူ ရုရှားဟာ သူ့ရဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ဘယ်နေရာမှာနေနေ ဘယ်နေရာရောက်နေနေ သတ်ဖြတ်တဲ့စနစ် ရှင်းလင်းတဲ့စနစ်ကို သုံးနေတော့ အခု စစ်ကောင်စီ အာဏာသိမ်း စစ်အစိုးရကလည်း အရင်ကတည်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု ကောင်းခဲ့တယ်။ အခုဆိုရင် ရုရှားနဲ့ပိုပြီးတော့ ဆက်ဆံလာတော့ကာ ဒီနှစ်နိုင်ငံရဲ့ ဥပမာတွေကို အသုံးချတယ်လို့လည်း ကျနော်သံသယရှိပါတယ် ခင်ဗျ"

ဒီအမှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က ယူဆပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးသလို မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကိုလည်း လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။