မဘသ ဂျာနယ် နှစ်စောင်ကို ထုတ်ဝေခွင့် ပိတ်သိမ်း


2017.09.01
mabatha-journal-622.jpg မဘသ အမည်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်နှစ်စောင်ကို တွေ့ရစဉ်
ဓါတ်ပုံ - ဝီရသူ မစိုးရိမ် နဲ့ ရွာမ ဆရာဗန် ဖေ့စ်ဘွတ်

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်နဲ့ ထုတ်ဝေခွင့်ပြုထားတဲ့  အောင်ဇေယျတု ဂျာနယ်နဲ့ အတုမရှိဂျာနယ် နှစ်စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနက  ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီဂျာနယ် နှစ်စောင်လုံးရဲ့ ထုတ်ဝေခွင့်လက်မှတ်တွေကို ပြန်လည်အပ်နှံဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မနေ့က အကြောင်းကြားလာတဲ့အတွက်  ပြန်အပ်မှာဖြစ်တယ်လို့ အရင် မဘသအဖွဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်ခဲ့ပြီး  လက်ရှိ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော် အရှင်သောပါက က မိန့်ကြားပါတယ်။

"ပြန်အပ်ဆိုလည်း အပ်ရုံရှိတာပဲ ဘာမှထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ ဦးဇင်းတို့ ဒီအောင်ဇေယျ တုဂျာနယ်တို့၊ အတုမရှိ ဂျာနယ်တို့ရဲ့ ဖော်ပြချက်တွေဟာ အခြေခံဥပဒေအရသော်လည်းကောင်း ၊ ပြည်တွင်းအနေအထားအရသော်လည်းကောင်း ဥပဒေနဲ့ ငြိစွန်းတာတွေပါရင် သူတို့အချိန်မရွေး သတိပေးလို့ရတာပဲလေ၊ အဖွဲ့ဖျက်သိမ်းတာနဲ့ ဒီဂျာနယ်ရပ်တည်မှုကို ရပ်နားတာနဲ့ ဘာမှမဆိုင်ပါဘူး။ ဘာမှမဆိုင်ပဲနဲ့ အဖွဲ့ကို အကြောင်းပြုပြီးတော့ ဒီဘက်ကဂျာနယ်ကိုပါ ရပ်နားဖို့လုပ်တယ်ဆိုတဲ့ အပိုင်းကတော့ တော်တော်လေးတော့ စိတ်မကောင်းစရာပေါ့လေ"

မဘသ အဖွဲ့ဟာ ဖျက်သိမ်းထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အဲဒီအဖွဲ့အမည်နဲ့ ထုတ်ဝေခွင့်ပြုထားတဲ့ ထုတ်ဝေခွင့် အားလုံးကို အဖွဲ့ဖျက်သိမ်းတဲ့နေ့ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်း အသိအမှတ်ပြုလတ်မှတ်ကို ဝန်ကြီးဌာန ကို ပြန်လည်အပ်နှံဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မနေ့က ပေးပို့လာတဲ့စာမှာပါရှိပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက် အရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အပြီး ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ထုတ်ဝေခွင့်လက်မှတ် ပြန်လည်အပ်နှံရမယ့် အောင်ဇေယျတုဂျာနယ်ဟာ ရန်ကုန်မြို့အခြေစိုက် ထုတ်ဝေတဲ့ ဂျာနယ်ဖြစ်ပြီး အတုမရှိဂျာနယ်က မန္တလေးမြို့အခြေစိုက် ထုတ်ဝေနေတာဖြစ်ပါတယ်။ ဂျာနယ်နှစ်စောင် ရဲ့ ထုတ်ဝေတဲ့ သက်တမ်းက သုံးနှစ်နီးပါးရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။