မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ ထောင်ဒဏ် ၁၆၄ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလှိုင်ဘွားဟာ အသည်းရောဂါခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် ဇူလိုင်လ ၂၀ ရက်က ထောင်တွင်းဆေးရုံမှာ သေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တာဝန်ရှိသူ ဦးအောင်မျိုးကျော်က ကိုလှိုင်ဘွား သေဆုံးသွားတာကို RFA ကို အတည်ပြုပြောပါတယ်။
“ကိုလှိုင်ဘွား ဇူလိုင်လ ၂၀ ရက်က ဆုံးတာဟုတ်ပါတယ်။ ကျွန်တော်တို့ သိထားတာ မြင်းခြံထောင်ဆေးရုံမှာပါ”
အသက် ၄၀ အရွယ် ကိုလှိုင်ဘွားကို ရပ်ကွက်ရုံးတွေ ပစ်ခတ်ဖောက်ခွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်တပ်ကဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေဖြစ်တဲ့ ၅၁(ဂ)၊ ၅၂(က)နဲ့ ၅၄(က)တို့နဲ့ ထောင်ဒဏ် ၁၆၄ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။
ကိုလှိုင်ဘွားဟာ အသည်းရောဂါခံစားနေရတာ တစ်နှစ်ကျော်ရှိလာပြီဖြစ်ပြီး အခုနှစ်ထဲမှာ ရောဂါအခြေအနေ ပြင်းထန်လာတာကြောင့် ထောင်ပြင်ပဆေးရုံမှာ ဆေးကုသခွင့်အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သလို အာဏာသိမ်းပြီးနောက် စစ်တပ်ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြင်းခြံထောင်တာဝန်ရှိသူတွေကို RFA က ဆက်သွယ်လို့မရသေးပါဘူး။
NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD)က ဖေဖော်ဝါရီလကုန်အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း NLD ပါတီခေါင်းဆောင်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၉) ဦးနဲ့ NLD ပါတီဝင် (၂,၈၈၀) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
