မကွေးလေတပ်စခန်းမှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ

မကွေးမြို့ ကံပြားလမ်းပေါ်မှာရှိတဲ့ မကွေးလေတပ်စခန်းဝင်းထဲမှာ သြဂုတ်လ ၈ ရက် ဒီနေ့မနက် ၄ နာရီဝန်းကျင်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ လေတပ်စခန်းအနီးမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံး ထိခိုက်မှု ရှိ၊ မရှိကိုတော့ RFA က အသေးစိတ် စုံစမ်းလို့မရသေးပါဘူး။

မကွေးလေတပ်စခန်း ဖောက်ခွဲမှုကို မဟာမိတ်တပ်ပေါင်းစုနဲ့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ထန်ထွဋ်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ ၃၃ နှစ်ပြည့်မှာ သွေးမအေးကြောင်း ပြသတဲ့ အနေနဲ့ လေတပ်စခန်းထဲရှိ လက်နက်သိုလှောင်ရုံကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗိဿနိုးနယ်မြေ ပြည်သူ့ ကာကွယ်ရေးတပ်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်အုပ်ချုပ်ရေး အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။

မကွေးလေတပ်အတွင်းမှာ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အခုတစ်ကြိမ် ဗုံးပေါက်ကွဲ တာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။