မောင်တောမြောက်ပိုင်းမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ AA ဖမ်းဆီးနေကြောင်း ဒေသခံတွေပြော
2024.12.27
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရွာတွေက ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ဒေသခံတချို့က RFA ကို ပြောပါတယ်။
အောင်မင်္ဂလာ၊ ဖားဝတ်ချောင်း၊ သရက်အုပ်၊ ရွက်ညိုးတောင်၊ ခြံပြင်၊ စပါယ်ပင်ရင်း၊ ကပ္ပကောင်း၊ ငါးခူရ၊ ဘော်တူလာ၊ အင်တူလာ၊ တောင်ပြို စတဲ့ ရွာတွေက အသက် ၃ဝ အောက် အမျိုးသမီး၊ အမျိုးသားတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်နေတာလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့ညမှာ ငါးခူရရွာကို အရင်ဆုံး ဝင်ရောက်ရှာဖွေဖမ်းဆီးတာဖြစ်ပြီး ၂၆ ရက်နေ့မှာလည်း တခြားရွာတွေက ဒေသခံလူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သူက ဆိုပါတယ်။
AA ခေါ်သွားတဲ့အထဲမှာ ကျန်းမာရေးမကောင်းသူတွေ၊ အသက်မပြည့်သေးသူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ မောင်တောမြို့ပေါ်ကနေ စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေလည်း ပါသွားတယ်လို့ ပြောပါတယ်။ ဖမ်းခေါ်ခံရသူတွေရဲ့ မိဘတွေက သူတို့သားသမီးတွေအတွက် စိုးရိမ်နေကြတယ်လို့လည်း သူက ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၈ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ကို ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။