စစ်ကောင်စီနဲ့ MNDAA တရုတ်မှာ ဒုတိယအကြိမ် ဆွေးနွေးနေ

RFA Burmese
2025.01.16
စစ်ကောင်စီနဲ့ MNDAA တရုတ်မှာ ဒုတိယအကြိမ် ဆွေးနွေးနေ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Telegram/ 3 Brotherhood Alliance (AA+MNDAA+TNLA)

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) က နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနေတယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကိုယ်စားလှယ်တွေ မနေ့က ရောက်တယ်။ ဒီနေ့တော့ ဆွေးနွေးပွဲ စတင်ပါတယ်။ ဘယ်နှစ်ရက် ဆွေးနွေးမှာလဲဆိုတာက ဆွေးနွေးပွဲ ရလဒ်အပေါ်မှာ မူတည်တယ်"

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ပထမအကြိမ် ဆွေးနွေးပွဲမှာတော့ လားရှိုးမြို့ကနေ MNDAA တပ်တွေ ဖယ်ပေးဖို့၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒီတစ်ကြိမ်မှာတော့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို ဦးစားပေး ဆွေးနွေးနိုင်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောပါတယ်။

"အရင်တစ်ခါက လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့နဲ့ စတင်ခဲ့တော့ အဆင်မပြေဖြစ်ခဲ့တာရှိတယ်။ ဒီတစ်ခေါက်တော့ တခြားကဏ္ဍတွေဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဖွင့်ဖို့ကိစ္စတွေ ပိုဆွေးနွေးဖြစ်မယ်လို့ ယူဆရတယ်"

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ ပြည်တွင်းစစ် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းမယ်လို့ MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပထမအကြိမ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ MNDAA နှစ်ဖက်လုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး အဲဒီဒေသတွေမှာ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။