စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဩဂုတ် ၇ ရက် မနေ့ကည ၈ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို စိုင်ပြင်ရွာနဲ့ ကြည်ရွာအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ကား ၂ စီး မိုင်းထိသွားပါတယ်။
မိုင်းထိတဲ့ စစ်ကောင်စီကား ၂ စီး လမ်းဘေးကိုထိုးကျသွားပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဉ်နဲ့လာသယ်သွားပြီး သေဆုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မုံရွာမြို့က ၃ စီး၊ စိုင်ပြင်ရွာက ၂ စီး ပေါင်း ၅ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်လာကြတာလို့ ဒေသခံတွေ ပြောထားတာကို ကိုးကားဖော်ပြထားပါတယ်။ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဆက်သွယ်မေးမြန်း ဖို့ RFA က ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ စစ်ကောင်စီဖက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနားဝန်းကျင်ကို ည ၁၂ နာရီကနေ ၁ နာရီကျော်လောက်အထိ ဒီပဲယင်းအနောက် မဲသည်ရွာလမ်းထိပ်မှာ သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကြည်ရွာထဲကို ကျည်ဆံတွေကျခဲ့လို့ အနီးနားက ကြတ်ခတ်ရွာ၊ ပျံကျရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။
ဒီနေ့ ဩဂုတ် ၈ ရက် မနက် ၇ နာရီကျော်မှာအချိန်မှာလည်း ဒီပဲယင်းမြို့အရှေ့ဘက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အားတစ်ရာကျော် ရောက်လာကြပြီး မဲအိုးရွာ၊ လက်ယက်ကုန်း စတဲ့ရွာတွေအနီးမှာ သေနတ်တွေနဲ့ ပစ် ဖောက်ခဲ့လို့ လက်ယက်ကုန်းရွာက လယ်ထွန်နေတဲ့ လယ်သမားတစ်ယောက် သေနတ်ကျည်ဆန် ထိမှန်ဒဏ် ရာရခဲ့တယ်လို့ ပြောပါတယ်။
ညောင်လှရွာထဲကို လက်နက်ကြီးနဲ့ ၅ ချက်ပစ်ခတ်ကာ စက်သေနတ် သံတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေးခဲ့ကြရသလို လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး မီးရှို့ ထားကြပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝဲကြီးရွာမြောက်ဖက် ဘုန်းကြီးကျောင်းမှာတပ်စွဲထားပြီး ဘုန်းကြီး ကျောင်းသား နှစ်ယောက်ကို ဖမ်းထားတယ်လို့လည်း ပြောပါတယ်။