MNDAA ထိန်းချုပ်နယ်မြေကို ကုန်စည်သယ်ဆောင်ခွင့် စစ်ကောင်စီတပ် ဆက်လက်ကန့်သတ်
2025.01.25

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ MNDAA ထိန်းချုပ်ထားတဲ့ဒေသတွေကို ကုန်စည်သယ်ဆောင်ခွင့်အပေါ် စစ်ကောင်စီတပ်က ဆက်လက်ပိတ်ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လားရှိုးမြို့နဲ့ မိုင်းရယ်မြို့ကြားက ဟိုယကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း လားရှိုးမြို့ကိုပို့မဲ့ ကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကာ ကန့်သတ်ပိတ်ထားတုန်းပဲလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
"လူကတော့ အသွားအလာရတယ်။ ကုန်ပစ္စည်းကတော့ ဘာမှကို ပေးမသယ်သေးဘူး။ ဆန်တို့၊ စက်သုံးဆီတို့ ဘာမှပေးမသယ်ဘူး။ ပိတ်ထားတုန်းပဲ"
၁၀၂၇ စစ်ဆင်ရေးပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်၊ သြဂုတ်လကတည်းက ကုန်စည်သယ်ဆောင်ခွင့် ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-နောင်ချိုလမ်းပိုင်းနဲ့ ပင်လုံ-လဲချား-မိုင်းရယ် စတဲ့လမ်းပိုင်းတွေမှာ ရှမ်းပြည်နယ် မြောက်ပိုင်းကို ကုန်စည် သယ်ဆောင်ခွင့်တွေကို ကန့်သတ်ထားတာပါ။
ဒီလိုကန့်သတ်ထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
တရုတ်နိုင်ငံဘက်ကတော့ စစ်ကောင်စီတပ်နဲ့ MNDAA တို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းက တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးခဲ့ပြီး စားသောက်ကုန် သယ်ဆောင်ခွင့်တွေကို ဖြေလျော့ပေးခဲ့ပါတယ်။