တပ်မတော်က တရားစွဲထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဖမ်းဆီး
2019.04.12

တပ်မတော်က ဂုဏ်သိက္ခာကျဆင်းစေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးက အာမခံမပေးဘဲ အင်းစိန် အကျဉ်းထောင်မှာ ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
တပ်မတော်က တရားစွဲထားတဲ့အမှုကို အင်းစိန်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ရာမှာ အာမခံမပေးဘဲ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း မင်းထင်ကိုကိုကြီးရဲ့ ရှေ့နေဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က RFA ကို ပြောပါတယ်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြချက်တွေကို တရားစွဲဆိုထားတာဖြစ်ပါတယ်။
တရားစွဲခံရသူဟာ ကျန်းမာရေး မကောင်းတာကြောင့် တရားရုံးအနေနဲ့ အာမခံပေးသင့်ကြောင်းနဲ့ နောင်လာမယ့် ရုံးချိန်းတွေမှာ အာမခံထပ်မံလျှောက်ထားမလားဆိုတာကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ မဆွေးနွေးရသေးကြောင်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ ကိစ္စကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မင်းထင်ကိုကိုကြီးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့လည်း တပ်မတော်က ထပ်မံ တရားစွဲထားတယ်လို့ သိရပါတယ်။
အဲဒီ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်ပြီး ဧပြီလ ၂ ရက်နေ့က အင်းစိန်မြို့မရဲစခန်းမှာ သွားရောက် အစစ်ခံပြီး ပြန်လည်ထွက်ခွာလာချိန်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်အတွင်း Facebook မှာ ရေးအသားချက် တချို့ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး တရားစွဲခံရတာဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက RFA ကို ပြောဆိုထားပါတယ်။