ဇန်နဝါရီ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA ကြေညာ

RFA Burmese
2025.01.06
ဇန်နဝါရီ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA ကြေညာ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ နန့်တိန်မင်း တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ထားစဉ်။
Screenshot from The Kokang Video

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ နန့်တိန်မင်း တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်ကြာင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇန်နဝါရီ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း လောင်ကိုင်ဒေသက နောက်ဆုံးလက်ကျန် တပ်စခန်းကြီးဖြစ်တဲ့ နန့်တိန်မင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ထောင်ကျော် လက်နက်ချခဲ့ပြီး နောက်ပိုင်းမှာ လောက်ကိုင်ဒေသ တစ်ခုလုံးကို MNDAA အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါဟာ ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရပြီးနောက် ၁၄ နှစ်ကြာမှ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ MNDAA က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဖြစ်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀၀ နီးပါး (၁၇၈၃ဦး) သေဆုံးပြီး ရှစ်ရာကျော် (၈၀၁ ဦး) ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သားက (၉၆၇ ဦး) တစ်ထောင်နီးပါးရှိပြီး ဗိုလ်မှူးချုပ် ခုနစ်ဦး ပါဝင်တဲ့ စစ်ကောင်စီ တပ်သား ၄၆၃၂ ဦး လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ချသူတွေနဲ့အတူ တပ်မိသားဝင် နှစ်ထောင်နီးပါးလည်း MNDAA ထံ ခိုလှုံလာတယ်လို့ ဖော်ပြပါတယ်။

MNDAA နဲ့ မဟာမိတ်တွေဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင် တစ်ဦးကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နဲ့ မဟာမိတ်တွေဘက်က သုံးရာနီးပါး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“သေဆုံးတဲ့ သူတိုင်းကို သီးသန့် ဂူသွင်းပေးတယ်။ ပထမလှိုင်းမှာတော့ အနည်းဆုံး နှစ်ရာကျော် သေဆုံးခဲ့တယ်။ ဒုတိယလှိုင်းနဲ့ဆိုရင်တော့ သုံးရာကျော်တော့ ရှိမယ်”

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဟာ တရုတ်ရဲ့ကြားဝင်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရပ်တန့်သွားခဲ့ပြီး ရှမ်းမြောက်ဒေသက မြို့ပေါင်း ၁၇ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် မြောက်ပိုင်းညီနောင်သုံးဖွဲ့က လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ အပါအဝင် တပ်ဖွဲ့ဝင် လေးထောင်ကျော်ကို လားရှိုးမြို့အထိ ပို့ဆောင်ပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ခဲ့ပြီး MNDAA က လားရှိုးမြို့ကို ထပ်မံသိမ်းပိုက်ခဲ့သလို TNLA နဲ့ မဟာမိတ်အဖွဲ့တွေက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို ထပ်မံ သိမ်းပိုက်ခဲ့ပါတယ်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကိုတော့ သြဂုတ် ၃ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေး အပါအဝင် စစ်သုံ့ပန်း ထောင်နဲ့ချီပြီ MNDAA က ဖမ်းဆီးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။