ရခိုင်ပြည်နယ်မှာ စစ်တွေမြို့အနီးကို မေလ ၁၄ ရက်နေ့ ဝင်ရောက်တိုက်ခတ်နေတဲ့ မိုခါ (MOCHA) မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက် စစ်တွေ၊ ပေါက်တော စတဲ့မြို့နယ်တွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ မြောက်ဦးမြို့ကို ထွက်ပြေးခိုလှုံ နေကြတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
မြောက်ဦးမြို့ပေါ်က ဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူ ခြောက်ထောင်ကျော်ရှိပြီး ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေသူ လေးထောင်ခန့်ရှိတယ်လို့ မြောက်ဦးမြို့ မုန်တိုင်းဘေးအရေးပေါ်ကူညီရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။
ယခင်ကလည်း မုန်တိုင်းဘေးကို ကိုယ်တိုင်ကြုံခဲ့ဖူးတာကြောင့် မြောက်ဦးကို ထွက်ပြေး ခိုလှုံလာတာလို့ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်က ဒေါ်လှခိုင်စိန်က RFA ကို ပြောပါတယ်။
“လေကို ကြောက်တယ်၊ ရေကို ကြောက်တယ်။ အန်တီ ငါးနှစ်သမီးခါကလည်း မုန်းတိုင်းဘေးကို ကြီးကြီးကျယ်ကျယ်ခံဖူးတယ်။ စိုးရိမ်မှု အများကြီးရှိတာပေါ့။ အန်တီတို့မှာ ဆိုင်ဖွင့်တယ်၊ အိမ်လည်းအမြင့် ဆန်အိတ်တွေလည်း အများကြီး ကျန်ခဲ့တယ်။ အိမ်ကိုတော့ထားခဲ့ပြီ အသက်တစ်ခု ချမ်းသာရင် ပြီးပြီဆိုပြီးလာခဲ့တာ”
အဲဒီလို မုန်တိုင်းရှောင်နေတဲ့သူတွေကို မြောက်ဦးမြို့ပေါ်က အရပ်ဘက်အဖွဲ့တွေက လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ကူညီပေးနေတာရှိပါတယ်။
လက်ရှိ စစ်တွေမြို့နယ်မှာတော့ လေပြင်းမုန်တိုင်းစတင်တိုက်ခတ်နေပြီ တစ်နာရီကို မိုင် ၆၀၊ ၇၀ လောက်ရှိနိုင်တယ်လို့ စစ်တွေမြို့မှာရှိတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ကမ်းရိုးတန်းဒေသတွေ စစ်တွေမြို့အနီးက စတင်ဖြတ်ကျော် ဝင်ရောက်နေတဲ့အတွက် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၁၀ နာရီခွဲအချိန်က ထုတ်ပြန်ထားပါတယ်။