မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်သူတွေကို သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုတွေပေးဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အသင့်ရှိနေ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ UNOCHA က မေလ ၁၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ အရေးပေါ် တုံ့ပြန်မှု ကြိုတင်ပြင်ဆင်ရေး အစီအစဉ်တွေကို အခုသီတင်းပတ်အစကတည်းက ဆောင်ရွက်ခဲ့ကြပြီး အသင့်ဖြစ်နေဖို့အတွက် သက်ဆိုင်ရာအားလုံးနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဓိကမုန်တိုင်းသင့်တဲ့ နေရာတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရနိုင်ဖို့အတွက် ထောက်ပံ့ကူညီရေးအဖွဲ့အစည်းတွေက အချိန်နဲ့တပြေးညီ ဆောင်ရွက်နေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက် ဒီနေ့နေလယ် ၁၂ နာရီခန့်မှာ စစ်တွေမြို့ အနီးတဝိုက်ကနေ ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ ကနေ ၁၃၀ မိုင်အတွင်းရှိတဲ့ အလွန်အင်အားပြင်းထန်တဲ့ မုန်တိုင်းတစ်ခုအဖြစ်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဌာနတွေက ကြေညာထားပါတယ်။
ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း ရခိုင်ပြည်နယ်နဲ့ အနီးတဝိုက်က ဒေသခံ လူလေးသိန်းကျော်အတွက် တစ်လစာ စားနပ်ရိက္ခာတွေ ပေးပို့ထားပြီးပြီလို့ ကြေညာထားပါတယ်။
နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းကလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အရေးပေါ်လိုအပ်မယ့် ပစ္စည်းတွေပေးပို့ရာမှာ ယာယီနေထိုင်ရာတဲတွေ၊ သောက်သုံးရေနဲ့ အခြားကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်တာကြောင့် ဒေသခံ တစ်သောင်းနီးပါးကိုလည်း သက်ဆိုင်ရာတွေက နေရာရွှေ့ပြောင်းထားရပါတယ်။