မိုးကုတ်မြို့ကို TNLA သိမ်းပိုက်
မန္တလေးတိုင်း မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက် ဒီနေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့မှာရှိတဲ့ တပ်စခန်းအားလုံးကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက… “ဟုတ်ပါတယ်၊ ဒီနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်" လို့ RFA ကို အတည်ပြု ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်းအဖြစ် ဇွန်လ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခိုက်ရာမှာ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုးကုတ်မြို့အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုးကုတ်မြို့အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ရေကန်တောင်၊ တာဝါတိုင်နဲ့ ပတ္တမြားစေတီတပ်စခန်းတွေကို ဇူလိုင်လ ၁၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ပြီးနောက် ကျန်ရှိနေသေးတဲ့ တပ်စခန်းလေးခုအပါအဝင် မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို မန္တလေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးသိန်းဌေးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
အလားတူ မိုးမိတ်မြို့နဲ့ နောင်ချိုမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။