မြောက်ဦးမြို့ပစ်ခတ်မှုတွေအကြောင်း မြို့ခံမျက်မြင်တွေ သတင်းစာရှင်းလင်း


2019.03.22
mrauku-press-622.JPG မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ၂ဝ၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့က ဒေသခံတွေ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ ရှင်းလင်းစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့က မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ မြို့ခံ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ည ၇ နာရီခွဲအချိန်မှာ အစိုးရ တပ်မတော်က ကား ၈ စီးနဲ့ဝင်ရောက်ပြီး ကျောက်ရစ်ကေ၊ ဆင်ချဆိပ်၊ အလယ်ဈေး စတဲ့ ကားလမ်းမတလျှောက် ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ AA အဖွဲ့က မြို့အဝင် နေအိမ်တွေပေါ်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က အပြန်အလှန်ပစ်ခတ်ခဲ့တာလို့ မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

AA အဖွဲ့ကတော့ မြို့ပေါ်မှာ ပစ်ခတ်တယ်ဆိုတဲ့အဲဒီအချက်ကို ငြင်းဆိုထားပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မျက်မြင်သက်သေတွေ အားလုံးက အစိုးရတပ်မတော်ဘက်က တစ်ဖက်သတ်ပစ်ခတ် ခဲ့တာဖြစ်တယ်လို့သာ တညီတညွတ်တည်းပြောကြပါတယ်။

အဲဒီနေ့ကပစ်ခတ်မှုမဖြစ်ပွားခင် ညနေ ၃ နာရီလောက်ကတည်းက အစိုးရတပ်မတော်က အင်အားအများအပြားဟာ မြို့နဲ့အနီးဝန်းကျင်တွေမှာ အဆင်သင့်နေရာယူထားကြတာတွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

မတ်လ ၁၈ ရက်နေ့က အစိုးရတပ်မတော်က မြောက်ဦး မြို့တွင်းထဲမှာ ဘာကြောင့် ပစ်ခတ်ခဲ့သလဲဆိုတဲ့ အချက်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ဘယ်သူမှတိတိကျကျပြောဆိုနိုင်ခြင်းမရှိပါဘူး။

RFA ရဲ့သတင်းရင်းမြစ်တစ်ခုကတော့ အဲဒီနေ့က မြောက်ဦးမြို့တွင်း ပစ်ခတ်မှုမတိုင်ခင်မှာ ကျောက်တော်မြို့ ဘက်ကနေထွက်လာတဲ့ အစိုးရတပ်မတော်ယာဉ်တန်းကို မြို့နဲ့ ၂ မိုင်ခန့်အကွာ တောင်ဖြူဆည်အနီးမှာ AA အဖွဲ့က ကြားဖြတ်တိုက် ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်အတွင်း အစိုးရတပ်ဘက်က ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပေမယ့် အဲဒီလို တိုက်ခိုက်ခံရတာကြောင့်ပဲ အစိုးရတပ်က ကားလမ်းမတစ်လျှောက်မြို့တွင်းမှာ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

အခုလိုကြားဖြတ်တိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး AA အဖွဲ့က ထုတ်ဖော်ပြောဆိုထားတာမရှိသလို အစိုးရတပ်မတော်ပြောခွင့်ရသူတွေကလည်း ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး AA ရက္ခိုင့်တပ်မတော် နဲ့ အစိုးရ တပ်မတော်ပြောခွင့်ရသူတွေကို RFA က ဒီနေ့ညနေမှာ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

မတ်လ ၁၈ ရက်နေ့ည ပစ်ခတ်မှုမှာ ကိုးသောင်းဘုရားအနီးရွာဟောင်းတောကျေးရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တစ်လုံး မီးလောင်ခဲ့သလို ကလေးငယ် ၂ ဦးပါ လက်နက်ကျည်စတွေနဲ့ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့ဖြစ်စဉ်အတွင်း မြောက်ဦးမြို့မှာ လူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး မြောက်ဦးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

အဲဒီနေ့ကဖြစ်ရပ်ကြောင့် ကြောက်လန့်နေကြပြီး မြောက်ဦးမြို့ပေါ်မှာ လူအသွားအလာတိတ်ဆိတ်နေသလို ဆိုင်တွေ၊ နေအိမ်တံခါးတွေကိုပါ ပိတ်ထားတာတွေ့ရပါတယ်။

မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ည ၇ နာရီခွဲအချိန်မှာ အစိုးရ တပ်မတော်က ကား ၈ စီးနဲ့ ဝင်ရောက်ပြီး ကျောက်ရစ်ကေ၊ ဆင်ချဆိပ်၊ အလယ်ဈေး စတဲ့ ကားလမ်းမတလျှောက် ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"ကျွန်တော့်ဆိုင်နဲ့ သူတို့ကားနဲ့က သုံးတောင်လောက်အကွာပဲရှိတယ်။ ပထမတော့ ကျွန်တော့်ကို သူတို့ မမြင်ဘူး။ မမြင်ဆိုတာက ကျွန်တော်က တာပေါ်လင်စလေး စောင်းပြီးချထားတယ်။ ကျွန်တော်က တံခါးကို အသာဖြည်းဖြည်းပိတ်တယ်။ သူတို့ မကြားအောင်ဆိုပြီးတော့ပေါ့။ မီးကတော့ ထွန်းထားတယ်။ သူတို့က ကျွန်တော့ကို ခြေထောက်လောက်ပဲမြင်တယ်။ သူတို့က ကားပေါ်ကဆိုတော့လေ။ ကျွန်တော် တံခါးပိတ်လို့ တစ်ချပ်ပဲပြီးလိုက်တယ်။ နောက်တစ်ချက်အယူမှာ ကျွန်တော့ကိုပစ်တာ။ သူတို့အပစ်နဲ့ ကျွန်တော်က တံခါးရွက်ကိုအကောက် ကျည်ကကျွန်တော့်ခေါင်းပေါ်ကနေ အထဲကိုဝင်ပြီး မုန့်ထည့်ထားတဲ့ မှန်ဘီဒိုအကုန်လုံး ပျက်စီးသွားတယ်"

ဆင်ချဆိပ်ရပ်ကွက် ကားလမ်းဘေးမှာ ဈေးရောင်းတဲ့ ကိုကျော်နိုင်က ပြောပြသွားတာပါ။

အဲဒီနေ့က ပစ်ခတ်သံတွေကြားရချိန် သူ့ရဲ့မိသားစုကို အိမ်ထဲမှာ ဝင်ပုန်းခိုင်းပြီးနောက် သူ့ဆိုင်တံခါးကိုပိတ်နေစဉ်မှာ တပ်မတော်သားတွေက သူရှိရာဘက်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော် ခလရ-၆၂ မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးထွန်းကျော်စိန်က အဲဒီနေ့က ပစ်ခတ်မှုမှာ သေနတ်သံတစ်မျိုးတည်းသာ ထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက် မြို့တွင်းထဲမှာ AA နဲ့ တပ်တို့ အပြန်အလှန်တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

သူဟာ အဲဒီနေ့က အစိုးရတပ်မတော်ဘက်က ပစ်ခတ်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူဖြစ်ပါတယ်။

"ကျွန်တော်တို့နေတဲ့ ဆင်ချဆိပ်ရပ်ကွက်မှာ အေအေလည်းမရှိဘူး ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့ မိသားစုပဲရှိတာ။ တပ်က ပစ်သွားတာ။ အေအေကပစ်တာ တစ်ချက်မှ မရှိဘူး။ ကျည်သံက တစ်သံတည်းပဲ။ ကျည်သံ နှစ်သံမထွက်ဘူး။ နှစ်ဘက်ပစ်တာဆိုရင်တော့ နှစ်သံထွက်ရမှာ"

နောက်ထပ်မျက်မြင်သက်သေ တစ်ဦးဖြစ်တဲ့ ဒေါ်ညွန့်အေးတင်ကလည်း -

"ကျွန်မတို့အိမ်မှာ ဘယ်အေအေရှိမှာလဲ။ ကျွန်မတို့က ကလေးတွေနဲ့ ထမင်းစားနေတာလေ။ ဘာ အေအေမှ မရှိပါဘူး။ သူတို့တပ်ကလူတွေက ကားနဲ့လာပြီး ဘလိုင်းကြီး လာပစ်သွားတာ။ အဲဒါ ကျွန်မတို့ မျက်မြင်ပဲ"

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သလို  မြို့တွင်းမှာ AA အဖွဲ့နဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုရင် တစ်ဘက်ဘက်က ထိခိုက်တာတွေရှိမှာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ အငြိမ်းစားကျောင်းဆရာ ဦးထွန်းသာ ကထောက်ပြပါတယ်။

"အေအေနဲ့တပ်မတော် အပြန်အလှန်ပစ်တယ်ဆိုလို့ရှိရင် အေအေဘက်ကပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကပဲဖြစ်ဖြစ် ထိခိုက်မှုတော့ရှိရမှာပဲ။ အခုကတစ်စုံတစ်ရာမှ အထိအခိုက်မရှိဘူး။ ထိခိုက်တာကတော့ ပြည်သူတွေ၊ အိမ်တွေပါပဲ"

မတ်လ ၁၈ ရက်နေ့ည ပစ်ခတ်မှုမှာ ကိုးသောင်းဘုရားအနီး ရွာဟောင်းတောကျေးရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တစ်လုံး မီးလောင်ခဲ့သလို ကလေးငယ် ၂ ဦးပါ လက်နက်ကျည်စတွေနဲ့ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။

နေအိမ်မီးလောင် ဆုံးရှုံးသွားတဲ့အိမ်က ဦးလှရွှေမောင်က-

"ကျွန်တော့်မိန်းမနဲ့ ကျွန်တော့် သားသမီးတွေ အိမ်အောက်မှာပုန်းနေသလို နေကြည့်ကြပါ။ ကျွန်တော့လို ခံစားကြည့်ပါ။ ကျွန်တော့အိမ်ကို မီးလုံးကြီးကျသလို ကျလာကြည့်ပါ။ ဘယ်လိုခံစားရမလဲ။သူတို့က ကုလားထိုင်ပေါ်ထိုင်ပြီး အေအေးဆေးဆေး အမိန့်ပေးနေကြတာ။ ကျွန်တော့်နေရာကို ဝင်ကြည့်ပါ။ တစ်ချက်လောက် ပြည်သူတွေရဲ့နေရာကို ဝင်ကြည့်ကြစမ်းပါ"

မတ်လ ၁၈ ရက်နေ့ဖြစ်စဉ်အတွင်း မြောက်ဦးမြို့မှာ လူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး မြောက်ဦးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

အခုလို အရပ်သားတွေအပေါ် ထိခိုက်မှုတွေမလုပ်ရအောင် ကြားခံအဖွဲ့တွေနဲ့ ဦးဆောင်ကြိုးပမ်းဖို့လိုတယ်လို့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။

"အဓိကပြောချင်တာကတော့ ရွာတွေ၊ မြို့တွေပေါ်မှာ မြန်မာစစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာကို ရပ်လိုက်ပါ။ ဒီလိုရပ်နိုင်ဖို့ကို စစ်ခေါင်းဆောင်တွေ အမိန့်ပေးပါ။ စစ်ခေါင်းဆောင်တွေ အမိန့်ပေးနိုင်အောင် ဘယ်သူတွေ လုပ်ပေးနိုင်မလဲ။ ကြားဝင်ပြီးတော့ ညှိနှိုင်းနိုင်မယ့်သူတွေက ညှိနှိုင်းပေးစေချင်ပါတယ်"

ဒါကတော့မတ်လ ၁၈ ရက်နေ့က မြောက်ဦးမြို့တွင်းပစ်ခတ်မှုဖြစ်စဉ်အတွင်း မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကို တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။