မြိုင် PDF ခေါင်းဆောင် သေနတ်ကျည်ထိမှန်သေဆုံး
မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ခေါင်းဆောင် ကိုဖိုးဌေး ဆိုသူဟာ ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်း က ဗဟင်းရွာရဲစခန်းရှေ့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရင်း သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ မြိုင်မြို့နယ် PDF က အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
မြိုင် PDF အဖွဲ့တစ်ဖွဲ့က ဗဟင်းရွာရဲစခန်းရှေ့ကနေ ဖြတ်သွားလာနိုင်ခဲ့ပြီး ကိုဖိုးဌေးတို့ပါဝင်တဲ့ နောက် အဖွဲ့က ညနေ ၆ နာရီဝန်းကျင် ဖြတ်သန်းလာချိန်မှာတော့ ရဲစခန်းက အင်အား ၂၀ ဝန်းကျင်နဲ့ ထွက်လာပြီး ရှေ့နောက်ပိတ်ဆို့ကာ သေနတ်တွေနဲ့ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ မြိုင်မြို့နယ် PDF တပ်ဖွဲ့က တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ ။
"ကြားထဲပိတ်မိသွားပြီး သေနတ်တွေနဲ့ ချိန်နေတဲ့အချိန်မှာ ကိုဖိုးဌေးက ဆိုင်ကယ်ပေါ်ကဆင်းပြီး ကာပစ်ပစ်ပေးတယ်။ သူ့တပ်ဖွဲ့တွေအကုန် နောက်ကိုပြန်ပြေးခိုင်းပြီး သူက အကုန်လုံး ကာပစ် လိုက်ပစ်ပေးရင်း ကျသွားတာခင်ဗျ"
မြိုင် PDF ခေါင်းဆောင် ကိုဖိုးဌေးကျဆုံးခဲ့ပေမဲ့ တခြားထိခိုက်သေဆုံးသူတွေတော့မရှိဘူးလို့ ဆိုပါတယ်။ ရဲစခန်းဘက်က တပ်သား တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့လည်း မြိုင် PDF တပ်ဖွဲ့ဝင်က ပြောပြပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေဟာ ဗဟင်းကျေးရွာထဲက စာသင်ကျောင်းမှာ ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းကတည်းက တပ်စွဲထားထားတယ်လို့လည်း သိရပါတယ်။