မြန်မာပြည်က လုပ်ငန်းအတွက် ကန်ဒုဝန်ကြီးဟောင်း ဒေါ် လာငွေသောင်းချီရရှိ


2014.07.23
paul-wolfowitz-305 ကမ္ဘာ့ဘဏ် ဥက္ကဌဟောင်း၊ အမေရိကန် ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်း Mr. Paul Wolfowitz ပုံ
Photo:CNN

မြန်မာနိုင်ငံက လုပ်ငန်းစီမံကိန်းတွေမှာ အကူအညီပေး ခဲ့တဲ့အတွက် ဟောင်ကောင်လုပ်ငန်းရှင်ကြီးတစ်ဦးက အမေရိကန် ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်း တစ်ဦးကို အမေရိကန်ဒေါ်လာ သောင်းဂဏန်း ပေး ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ အင်တာနက်မှာ ပျံ့နှံ့နေကြောင်း South China Morning Post သတင်းစာက ဖော်ပြပါတယ်။

ဟောင်ကောင်အခြေစိုက် သတင်းမီဒီယာနဲ့ အထည်ချုပ် လုပ်ငန်းရှင် Jimmy Lai Chee-yin က ကမ္ဘာ့ဘဏ် ဥက္ကဌဟောင်းလည်းဖြစ်၊အမေရိကန် ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်းလည်းဖြစ်သူ Mr. Paul Wolfowitz ကို မြန်မာနိုင်ငံမှာ အကျိုးဆောင်ခအနေနဲ့ မနှစ်က ဒေါ် လာ(၇)သောင်းခွဲ ပေးခဲ့ကြောင်း ချက်လက်မှတ် ဓါတ်ပုံ နဲ့ တကွ အင်တာနက်မှာ ဖွင့်ချထားပါတယ်။ အဲဒီငွေကို ၂၀၁၃ ခုနှစ် ဇူလိုင်လက ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဟောင်ကောင်လုပ်ငန်းရှင် Jimmy Lai ဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် ဇန်နဝါရီက ပထမအကြိမ် သွားရောက် ခဲ့ပါတယ်။ အဲဒီနှစ် ဇွန်လမှာ Mr. Paul Wolfowitz နဲ့အတူ ဒုတိယအကြိမ်သွားရောက်ခဲ့ရာမှာ သမ္မတ ဦးသိန်းစိန်၊  တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီး အတော် များများနဲ့တွေ့ဆုံ ခဲ့တာကိုလည်း ဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Mr. Paul Wolfowitz က Jimmy Lai အတွက်  မြန်မာနိုင်ငံမှာ ဘာတွေ အကျိုးဆောင်ပေးခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း  South China Morning Post သတင်းစာက ဖော်ပြပါတယ်။

အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အထောက်အထား ၉၀၀ ကျော်ထဲမှာ ဟောင်ကောင်လုပ်ငန်းရှင် Jimmy Lai က မြန်မာနိုင်ငံ က NGO အဖွဲ့တစ်ခုဖြစ်တဲ့ မင်္ဂလာမြန်မာအဖွဲ့ကို ဒေါ်လာနှစ်သိန်းကျော် လွဲပေးခဲ့တာလည်း တွေ့ရကြောင်း လည်းဖော်ပြပါတယ်။ South China Morning Post သတင်းစာက မင်္ဂလာမြန်မာအဖွဲ့ တည်ထောင်သူ ဒေါက်တာ ဖုန်းဝင်းကို ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့ရဲ့ အသေးစားနဲ့ အလတ်စား ငွေစု ငွေချေး အစီအစဉ်ကို ကူညီထောက်ပံ့ပေး တာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းနှစ်ခုမှာ ဖက်စပ်ပါဝင်ထားကြောင်း၊ လုပ်ငန်းမစရသေးကြောင်း ဒေါက်တာ ဖုန်းဝင်းက ပြောဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။ အခုလို လုပ်ငန်းဆိုင်ရာအချက်အလက်တွေ ခိုးယူခံရတဲ့အပေါ် မိမိမတတ်နိုင်ကြောင်း ၊ရဲကိုလည်း တိုင်ကြားမှာ မဟုတ်ကြောင်း  Jimmy Lai က South China Morning Post သတင်းစာ ကိုပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။