ရခိုင် ပါတီသစ်တစ်ခု တည်ထောင်ခွင့် လျှောက်ထား


2018-02-19
Share

ရခိုင်အမျိုးသားပါတီ ANP ကနေ နုတ်ထွက်ခဲ့တဲ့ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက "အဖရခိုင်ပါတီ"လို့ အမည်ရတဲ့ ပါတီသစ်တစ်ခုကို တည်ထောင်ဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့လျှောက်ထားလိုက်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှု ကွန်ရက် စာမျက်နှာမှာ ဒီနေ့ရေးသားထားပါတယ်။

ပါတီတည်ထောင်ခွင့်ပြုကြောင်း အကြောင်းပြန်ချက်ရရှိတဲ့အခါမှ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ရရှိရေးကို လျှောက်ထားရမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

အဲဒီ ပါတီသစ်နဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် တုံ့ပြန်ဖြေဆိုခြင်းမရှိပါဘူး။

ဦးကျော်ဇောဦးဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သူနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအေးမောင် ပါတီကနေ နုတ်ထွက်ခဲ့တာကြောင့် သူလည်း ပါတီကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်အမျိုးသားပါတီ ANP ဘက်ကတော့ တရားဝင် နုတ်ထွက်ခွင့်မပြုသေးတဲ့အတွက် ဒီနေ့ တည်ထောင် ခွင့် လျှောက်ထားတဲ့ ပါတီသစ်အတွက် ဘယ်သူက လက်မှတ်ရေးထိုးပြီး လျှောက်ထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေါက်တာ အေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ANP ကနေ နုတ်ထွက်စာ တင်ခဲ့တဲ့နောက်ပိုင်း အခြားပါတီသစ် တစ်ခုကို တည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့