မွန်ပြည်သစ်ပါတီနဲ့ တပ်မတော် ဆွေးနွေး

မွန်ပြည်သစ်ပါတီရဲ့ မော်လမြိုင်ခရိုင်စခန်းအနီးမှာ တပ်မတော်က စစ်ရေးလှုပ်ရှားတာတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တပ်မတော်အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့(ကထစမှူး) ဦးဆောင်တဲ့အဖွဲ့တွေဟာ မနေ့က ရေးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းသွားနေတဲ့အချိန်မှာ ယုံကြည်မှုကို ပျက်ပြားစေနိုင်တဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ စခန်းတွေနားကနေ တပ်မတော်ရဲ့ တပ်တွေပြန်ရုပ်သိမ်းဖို့အပါအဝင် နှစ်ဖက်အပြန် အလှန်ဆွေးနွေးခဲ့တာလို့ မွန်ပြည်သစ်ပါတီရဲ့ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။

"နှစ်ဖက်ပြေလည်အောင် မနေ့က မွန်ပြည်နယ်ပါတီက ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော် တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်"

မနေ့ကတွေဆုံပွဲမှာ မွန်ပြည်သစ်ပါတီဘက်က ဒုတိယဥက္ကဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း၊ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ၊ နိုင်အောင်မငေးတို့ တတ်ရောက်ခဲ့ပြီး တပ်မတော် ဘက်က ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ စခက ၁၉ က ခေတ္တ စခကမှူး ဗိုလ်မှူးကြီး စိုးထွန်းတို့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က မွန်တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီက စစ်ရေးပြ အခမ်းအနားတွေ ကျင်းပတာ သေနတ်ဖောက်တာတွေကြောင့် တပ်မတော်က မွန်ပြည်သစ်ပါတီ တပ်စခန်းတွေနားမှာ တပ်တွေ ချထားတာတွေရှိခဲ့ပြီး ခုချိန်ထိရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မွန်အမျိုးသားနေ့တုန်းကလည်း အခုလို စစ်ရေးပြတာ၊သေနတ်ဖောက်တာတွေကြောင့် စစ်ရေးတင်းမာ မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီနေ့လည်ပိုင်းမှာလည်း မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့တ့ို တွေဆုံဖို့စီစဉ်ခဲ့ပေမယ့် အစိုးရဘက်က အကြောင်းမပြန်တာကြောင့် တွေ့ဆုံပွဲပျက်ခဲ့ပါတယ်။