စစ်ခေါင်းဆောင် တရုတ်နိုင်ငံကို ထွက်ခွာချိန် နေပြည်တော်လေဆိပ်မှာ ဗုံးပေါက်ကွဲ

RFA Burmese
2024.11.05
စစ်ခေါင်းဆောင် တရုတ်နိုင်ငံကို ထွက်ခွာချိန် နေပြည်တော်လေဆိပ်မှာ ဗုံးပေါက်ကွဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ မထွက်ခွာခင် နေပြည်တော်လေဆိပ်တွင် တွေ့ရစဉ်။
Telegram/ MRTV News Channel

Updated 1:31 PM Nov 5, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဝင်ဘာလ ၅ ရက်နေ့ မနက် တရုတ်နိုင်ငံကို ထွက်ခွာချိန် နေပြည်တော်လေဆိပ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ လေဆိပ်နဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်က အထူးလေယာဉ်နဲ့ နေပြည်တော် တပ်မတော်လေဆိပ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားတာပါ။

စစ်ခေါင်းဆောင်ရဲ့ လေယာဉ်ထွက်ခွာချိန်ကို အတိအကျ မသိရပေမဲ့ ပေါက်ကွဲသံထွက်ပေါ်လာတာက မနက် ၈ နာရီကျော်လောက်မှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၈ နာရီခွဲလောက်က လေဆိပ်ထဲက ပေါက်ကွဲသံတစ်ချက် ကောင်းကောင်းကြားလိုက်ရတယ်။ အခု အဲဒီလေဆိပ်နဲ့ ဆက်သွယ်ထားတဲ့လမ်းတွေအားလုံးပိတ်ပြီး စစ်ဆေးနေပါတယ်။ စစ်ကောင်စီခေါင်းဆောင်နဲ့ အဖွဲ့လည်း တရုတ်ကို ဒီနေ့ထွက်သွားတဲ့နေ့လည်း ဖြစ်တယ်လေ။ သူတို့က ဘယ်အချိန် ထွက်သွားလဲ အတိအကျတော့မသိပါဘူး"

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် လူမှုကွန်ရက်တွေမှာတော့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်ခန့်က အေလာ လေယာဥ်ကွင်းရဲ့ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကနဦး စစ်ဆေးချက်တွေအရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးအမျိုးအစားဖြစ်နေတာ တွေ့ရကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ မနက် ရေးသားဖော်ပြကြပါတယ်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ RFA ကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

"ဒီနေ့ တရုတ်ကို စစ်ခေါင်းဆောင် သွားတာမိုလို့ လေဆိပ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခဲ့တာကို အတည်ပြုပါတယ်။ ထိခိုက်ဒဏ်ရာရတာ ရှိနိုင်ပေမဲ့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။ မြေပြင်မစ်ရှင် ဆောင်ရွက်သူတွေလည်း အန္တရာယ်ကင်းပါတယ်"

လေဆိပ်တိုက်ခိုက်မှု အခြေအနေအသေးစိတ်နဲ့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ သူက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က နိုဝင်ဘာလ ၅ ရက်နေ့ ဆက်သွယ်ခဲ့ရာမှာ ဖုန်းကိုင်ပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားတာမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာလ ၆ ရက်ကနေ ၇ ရက်အထိ ကျင်းပပြုလုပ်မဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီး အစည်းအဝေးနဲ့ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်သလို တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက တနင်္လာနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၅ ရက်နေ့ မနက်က ကူမင်းမြို့ကို ရောက်ရှိသွားပြီဖြစ်ပြီး Hualuxe Hotel မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးမှုစီမံကိန်း၊ EV ကဏ္ဍ၊ FDI အတွက် အခွင့်အလမ်းများဆိုင်ရာအပါအဝင် အခြားသောကဏ္ဍ အကြောင်းအရာတွေကိုပါ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဩဇာခံ မီဒီယာတွေက နိုဝင်ဘာလ ၅ ရက်နေ့ မနက်က ရေးသားဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇူလိုင်လတွေအတွင်းမှာလည်း စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခိုက်တာခိုက်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

(မှတ်ချက် - နေပြည်တော်ဒေသခံနှင့် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။