ဘာသာရေးလှုံ့ဆော်စာ ဖြန့်ဝေခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ၅ဦးကို တာဝန်ရပ်စဲ


2017.10.10

ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်တဲ့စာရွက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူး ၅ ယောက် စုစုပေါင်း ၆ ယောက်ကို တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်စာတွေကို ရာအိမ်မှူးတွေကနေတဆင့် ပြည်သူတွေကို ဖြန့်ဝေခဲ့တာကြောင့် အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၅ ယောက်ကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဖွဲ့ပြီး စစ်ဆေးပြီးနောက်မှာ အခုလို တာဝန် ကနေ ရပ်စဲလိုက်တာဖြစ်တယ်လို့ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်း ကပြောပါတယ်။

"ပြီးခဲ့တဲ့လကတည်းက ရပ်စဲလိုက်ပါပြီ၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့မှ တိုင်းအစိုးရကိုတင်ပြပြီး သူတို့က ကက်ဘိနက် ထိုင်ပြီးတော့မှ ဆုံးဖြတ်ချက်နဲ့ လုပ်လိုက်တာ"

တာဝန်ကရပ်စဲလိုက်လို့ လစ်လပ်သွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးနေရာတွေကို လက်ရှိမှာ  ပြန်ရွေးချယ် ခန့်အပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးအေးမင်းက ပြောပါတယ်။

တာဝန်ကရပ်စဲခံရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ရပ်ကွက်အတွင်း ဖြန့်ဝေခဲ့တဲ့စာမှာ  ‘ဂျီဟတ်ကို ဘယ်လိုကာကွယ်မလဲ’ ဆိုတဲ့ ခေါင်းစဉ်ပေးထားပြီး မွတ်စလင်အိမ်တွေကို သတိထားကြဖို့၊ ဗလီအတက်အဆင်း၊ မွတ်စလင်အဝင်အထွက်၊ ကုန်ပစ္စည်းအဝင်အထွက်တွေကို စောင့်ကြည့်ကြဖို့၊ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ခံ ပညာသင်ထားကြဖို့၊ အိမ်မှာရှိတဲ့ ဓားတွေကိုလည်း ထက်အောင် သွေးထားကြဖို့ စတာတွေကို ရေးသားထား တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်မယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကောလာဟလ ဖြန့်ဝေပြီး လှုံ့ဆော်သူတွေကို အရေးယူမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။