ကျောက်တော်မြို့နယ်မှာ အမျိုးသားတစ်ဦး မိုင်းထိဒဏ်ရာရ

မိုင်းနမူနာနဲ့ မိုင်းရှင်းလင်းရာမှာ အသုံးပြုတဲ့လူတွေအတွက်  အကာအကွယ်ပစ္စည်းများကို ပြသထားစဥ်
မိုင်းနမူနာနဲ့ မိုင်းရှင်းလင်းရာမှာ အသုံးပြုတဲ့လူတွေအတွက် အကာအကွယ်ပစ္စည်းများကို ပြသထားစဥ် (Photo: RFA)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကျေးရွာမှာ သြဂုတ်လ ၁၇ ရက် မနေ့က အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဘယ်ဘက်ခြေချင်းပြတ်သွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဦးက RFA ကို ဒီနေ့ မနက်က ပြောပါတယ်။

ဒဏ်ရာရသွားတဲ့သူဟာ အသက် ၃၀ ကျော်အရွယ် မြိုတိုင်းရင်းသား ဦးအောင်သိန်းဆန်းဖြစ်ပြီး ရွာနဲ့တစ်မိုင် လောက်ဝေးတဲ့နေရာမှာ နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေရာဟာ အမှတ် ၃၇၇ အမြောက်တပ်ရင်းနဲ့ ပေနှစ်ရာလောက်ပဲဝေးပြီး ဒီမိုင်းဟာ စစ်တပ်က ထောင် ထားတာဖြစ်နိုင်တယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဦး က ဆိုပါတယ်။

အခုလက်ရှိမှာတော့ လူနာကို စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး လူနာရဲ့ ကျန်းမာရေးအခြေအနေ ဟာလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အခုတိုက်ပွဲတွေရပ်စဲနေတဲ့ အချိန် ကိုးလကျော်ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက် ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

RFA ကပြုစားထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခ ကာလ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့အထိ မိုင်း၊ လက်နက်ကျည်တွေအပြင် နည်းလမ်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၃၂၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူကတော့ ၇၃၀ ဦးအထိရှိနေပြီ ဖြစ်ပါတယ်။