PDF ကို ငွေကြေးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂန့်ဂေါဒေသခံတစ်ဦး ဖမ်းဆီးခံရ

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခရမ်းကျေးရွာက နုမြင့်မိုရ် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ဦးမင်းလွင်ကို PDF ကို ငွေကြေးကူညီနေသူလို့ စွပ်စွဲပြီး လာရောက်ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဦးမင်းလွင်ရဲ့မိသားစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံအားပေးနေတဲ့ မိသားစုဖြစ်တဲ့အတွက် စစ်ကောင်စီ စစ်တပ်နဲ့ ရဲက စောင့်ကြည့်ခံနေရတဲ့ မိသားစုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၉ ရက်နေ့ ညနေက ဦးမင်းလွင်ရဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ကို စစ်သား ၅၀ ခန့် ရောက်လာပြီး နေအိမ်ကို မွှေနှောက် ရှာဖွေခဲ့ပြီးနောက် ငွေကျပ် သိန်း ၁၅၀ကို သိမ်းယူခဲ့သလို ဦးမင်းလွင်ကိုပါ ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ အခု အချိန်အထိ ဦးမင်းလွင်နဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

မြောက်ခရမ်းကျေးရွာဟာ အိမ်ခြေ ၁၂၀၀ နီးပါးရှိပြီး ပြည်ခိုင်ဖြိုးပါတီ (USDP) နဲ့ စစ်တပ် ကို ထောက်ခံသူ အားကောင်းတဲ့ ကျေးရွာဖြစ်ပါတယ်။