စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပင်စိမ်းကင်းရွာကို စစ်သားနဲ့ ရဲတွေက ဒီနေ့ ဩဂုတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ ရွာထဲကို ခြိမ်းခြောက်ဝင်ရောက်ပြီး လူမရှိတဲ့ အိမ်တွေကနေ ငွေသား ဆယ့်ငါးသိန်းနဲ့ တခြား ပစ္စည်းတွေကို ယူသွားကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေက ကား ငါးစီး၊ လူအင်အား ၄၀ ခန့်နဲ့ ရွာကို ဝင်လာချိန် ကြောက်လန့်ထွက်ပြေးကြလို့ လူမရှိတဲ့ အိမ်တွေကနေ ငွေသားနဲ့ ပစ္စည်းတွေ ယူဆောင်ခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
"ကျွန်တော့်အိမ်က လေးသိန်း ခုနှစ်သောင်း၊ ဟိုဘက် အဖေရဲ့အိမ်က ညီတော်မောင်ရဲ့ ယာဉ်မောင်း လိုင်စင်တွေရော၊ ပိုက်ဆံရော ငါးသိန်းကျော်လောက်၊ နောက် နှစ်ဦးစီက လေးသိန်းကျော်လောက်ပေါ့"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခုလို အဲဒီရွာထဲက ငွေကြေးတွေနဲ့ ပစ္စည်းတွေ ယူသွားတယ်ဆိုတာကို RFA က သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
မုံလှစံပြကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က အုပ်ချုပ်ရေးမှူးတစ်ယောက် အသတ်ခံရပြီးတဲ့နောက် ရွာချင်းကပ်ရပ်ဖြစ်တဲ့ ပင်စိမ်းကင်းရွာက NLD ထောက်ခံသူ ပရဟိတလုပ်နေသူ တစ်ဦးဖြစ်တဲ့ ဦးလှသန်းနဲ့ အဖွဲ့တို့လုပ်တာလို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေက ပင်စိမ်းကင်းရွာမှာ ဦးလှသန်းတို့ကို ဖမ်းဆီးဖို့ လာရှာကြရာကနေ ရွာသားတွေလည်း ကြောက်လန့်ထွက် ပြေးကုန်တာ ဖြစ်ပါတယ်။
မူးမြစ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ရေဦးမြို့နယ်ထဲက ပင်စိမ်းကင်းရွာဟာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ရွာ ဖြစ်ပြီး လက်ရှိ ည ၇ နာရီအချိန်အထိ အိမ်ပေါင်း ၁၀၀ ကျော်လောက်ဟာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။