မနေ့က သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၃ နှစ်ပြည့်အဖြစ် အထက်အောက် မြန်မာပြည် မြို့ ရွာတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသလို၊ ည ၉ နာရီလောက်မှာတော့ မန္တလေး အိုးဘိုထောင်အတွင်းမှာ အကျဉ်းသားတွေဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ထောင်ထဲကနေ တရားခွေဖွင့်တဲ့အသံတွေထဲ ထွက်ပေါ်လာတယ်လို့ အနီးတဝိုက် ပြည်သူတွေ က ပြောဆိုကြပါတယ်။ ကြွေးကြော်သံတွေ အတော်ကြာကြာ ကြားရပြီးတဲ့နောက် သေနတ်ဖောက်သံ တချို့လည်း ကြားရပြီး၊ စစ်ကား ခြောက်စီး ထောင်ဝင်းထဲကို ဝင်သွားတယ်လို့ သိရပါတယ်။
အကျဉ်းသားတွေက ဘာတွေတောင်းဆိုလဲ၊ ဘယ်လိုနှိမ်နင်းခံရသလဲ ဆိုတာကိုတော့ ခုချိန်မှာ အသေးစိတ် မသိရသေးပါဘူး။ ဒီသတင်းအတွက် RFA က ဆက်လက်စုံစမ်းနေပြီး၊ ထူးခြားတဲ့ အခြေအနေသိရတာနဲ့ ဆက်လက်တင်ပြသွားပါ့မယ်။ အဲဒီ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း စစ်အာဏာရှင်ပြုတ်ကျရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ရန်ကုန် အင်းစိန်ထောင်မှာလည်း ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြ တာကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် နှိမ်နင်းခဲ့သလို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် အပါအဝင် အနည်းဆုံး အယောက် ၂၀ လောက် တိုက်ပိတ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့အကြောင်း RFA က တင်ပြခဲ့ပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေနဲ့ရော ရှေ့နေတွေနဲ့ပါ လူချင်းတွေ့ဆုံခွင့်မရလို့ ထောင်တွင်း အခြေအနေကို တိတိကျကျ မသိရတဲ့အတွက် စိုးရိမ်ပူပန်နေတယ်လို့ မိသားစုဝင်တွေက RFA ကို မနေ့ညက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ပြည်သူတွေကို အသေးစိတ် ထုတ်ပြန်ကြေညာတာလည်း မရှိခဲ့ပါဘူး။