ပွင့်ဖြူမှာ စစ်မှုထမ်းထောက်ပံ့ဖို့ ငွေကြေးကောက်ခံမှုတွေ ရှိနေ

RFA Burmese
2024.11.07
ပွင့်ဖြူမှာ စစ်မှုထမ်းထောက်ပံ့ဖို့ ငွေကြေးကောက်ခံမှုတွေ ရှိနေ မကွေးတိုင်း၊ ပွင့်ဖြူမြို့တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဥ်။
Facebook/ ပွင့်ဖြူမြို့နယ်

မကွေးတိုင်း ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်မှာ စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း ထည့်ဝင်ဖို့ စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကောက်ခံနေတယ်လို့ ပွင့်ဖြူမြို့ခံတစ်ဦးက RFA ကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောပါတယ်။

လစ်လ သုံးသောင်းနှုန်း လစဉ်ပေးရတာဖြစ်ပြီး စက်တင်ဘာလက စတင်ကောက်ခံတာ ဖြစ်တာကြောင့် စစ်မှုထမ်းကြေးထည့်ဝင်ရတာ သုံးလမြောက်ရှိလာပြီလို့ ဆိုပါတယ်။

ငွေကြေးမထည့်ဝင်သူတွေကို ဧည့်စာရင်းနဲ့ ရပ်ကွက်ထောက်ခံစာ မထုတ်ပေးဘဲ ထောက်ခံစာလိုအပ်လို့ ရက်ကွက်ရုံးကို လာတဲ့အခါမှ နှစ်လစာကနေ သုံးလစာဖြစ်တဲ့ ကျပ်ခြောက်သောင်းကနေ ကိုးသောင်းအထိ တစ်ပေါင်းတည်း ကောက်ခံတာလည်း ရှိနေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆွေမျိုးတွေညအိပ်လာလို့ ဧည့်စာရင်းတိုင်ချင်လို့ဖြစ်ဖြစ်၊ ခရီးသွားဖို့ ၊ဆေးကုသွားဖို့ ထောက်ခံစာ သွားတောင်းရင်ပဲဖြစ်ဖြစ် စစ်မှုထမ်းကြေးမထည့်တဲ့သူတွေဆိုရင် ရပ်ကွက်ရုံးက လုံးဝထုတ်မပေးဘူး၊ လိုချင်ရင် စစ်မှုထမ်းကြေး တစ်ခါတည်း ထည့်သွားဆိုတာပဲ ပြောတယ်။ သူတို့ရပ်ကွက်ရုံးမှာ စစ်မှုထမ်းကြေး မထည့်တဲ့ သူတွေရဲ့ နာမည်စာရင်းကရှိတယ်”

ပွင့်ဖြူမြို့မှာ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်းနဲ့ သက်တော်ရှည်ရပ်ကွက်ဆိုပြီး ရပ်ကွက်လေးခု ရှိတဲ့အထဲမှာ အရှေ့ပိုင်းရပ်ကွက်က အခုလို ဖိအားပေးကောက်ခံမှုတွေ ရှိနေတာလို့ သူက ဆိုပါတယ်။ အရှေ့ပိုင်းရပ်ကွက်မှာ အိမ်ခြေ လေးရာနီးပါးရှိပြီး လူတစ်သောင်းခန့် နေထိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက ရွာတချို့မှာလည်း စစ်မှုထမ်းဖို့ လူမထည့်ပေးနိုင်ရင် တစ်ရွာကို ၆၅ သိန်းနှုန်းနဲ့ စစ်မှုထမ်းထောက်ပံ့ကြေး ထည့်ဝင်ပေးရတာ သုံးကြိမ်ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပွင့်ဖြူမြို့နယ်မှာ ရပ်ကွက်လေးခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စု၊ ရွာပေါင်း ၂၀၅ ရွာ၊ လူဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိတယ်လို့ ၂၀၁၄ သန်ခေါင်းစာရင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။