ဒီကနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းက မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးကို လူနှစ်ဦး ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေသူတွေအနက် စစ်သားတစ်ယောက် သေဆုံးပြီး၊ နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နဲ့ ရုတ်တရက်ရောက်လာပြီး အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ် ထွက်ပြေးသွားတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ ထင်ထင်ရှားရှား မမြင်လိုက်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခင်းဖြစ်ချိန်မှာ အပြန်အလှန်ပစ်ခတ်သံအချို့ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်ရုံးအနီး နေထိုင်သူတစ်ယောက်က RFA ကို ပြောပါတယ်။
“ရုံးစောင့်နေတဲ့ စစ်သားတွေကို လာပစ်သွားတာ၊ နှစ်ယောက်ထိပြီး တစ်ယောက်သေတယ် ပြောတယ်။ အပြန်အလှန်တော့ ဖြစ်ကြသေးတယ်။ အဲလိုဖြစ်သွားပြီးတော့ လူနာတင်ကားတွေရောက်ပြီး စစ်သား တွေကို ဆေးရုံကြီးခေါ်သွားတယ်”
သေဆုံးထိခိုက်မှုနဲ့ပတ်သက်ပြီး အတိအကျသိနိုင်ဖို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ရပ်ကွက်အုပ်ချုပ်ရေးရုံး တည်ရှိရာ မန္တလေး ၆၂ လမ်း ဝန်းကျင်ကို ပိတ်လိုက်ပြီး စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
မန္တလေးမြို့မှာ အခုလိုပစ်ခတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိတာကြောင့် လွန်ခဲ့တဲ့ လေးလလောက်ကစပြီး ရဲနဲ့ စစ်သားအများစုရှိနေတဲ့ ရဲစခန်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ ဘဏ်တွေနဲ့ စစ်ကောင်စီတပ်တွေ စခန်းချလေ့ရှိတဲ့ အခြားနေရာတွေမှာ သဲအိတ်အကာရံတွေအပြင် လမ်းတစ်ခြမ်းပိတ် တစ်ခြမ်းသာဖွင့်ပြီး ဝင်ထွက်သွားလာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့ကြားက အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။