ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်
2024.11.07
၂၀၂၄ ခုနှစ် ဇန်ဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ရခိုင်ပြည်နယ်က ၁၅၉ ဦးနဲ့ အများဆုံးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒုတိယအများဆုံးကတော့ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၁၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်းလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၄၀ ထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၀၉ ဦးပါဝင်တယ်လို့လည်း AAPP က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ကို တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလုပ်လာတာလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၀ မြို့နယ်အထိ AA က သိမ်းပိုက်ထားနိုင်တဲ့ နောက်ပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုများလာတာလို့ ရသေ့တောင်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့လက်လွှတ်လိုက်ရတဲ့မြို့တွေလည်း အများကြီးလေ။ သူတို့က မြေပြင်ကနေ မယှဉ်နိုင်တော့ လေကြောင်းကို အဓိကထားပြီး တိုက်ခိုက်တာပေါ့။ တိုက်ခိုက်တဲ့နေရာမှာလည်း အရပ်သားတွေနေတဲ့ နေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်။ အထူးသဖြင့် သံတွဲတို့၊ တောင်ကုတ်မြို့မှာဆို အရပ်သားတွေ အစုလိုက်အပြုံလိုက် သေသွားတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းမှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ကိုးဦးထက်မနည်း သေဆုံးပြီး လူနှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လေကြောင်းအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း ၂၀၂၄ ခုနှစ် ဆယ်လအတွင်း အရပ်သား ၄၇၅ ဦးသေဆုံးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၁၁၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၁၀၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။