စာနယ်ဇင်းသမားနှစ်ဦးကို ဖမ်းဆီးမှု RSF ရှုတ်ချ

သတင်းစာဆရာတစ်ဦးနဲ့ ဘီဘီစီ မြန်မာဌာနက သတင်းတင်ဆက်သူတစ်ဦး တို့ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးလိုက်တဲ့အပေါ် ရှုတ်ချကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

Frontier Myanmarနဲ့ VOA သတင်းဌာနတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နဲ့ ဘီဘီစီသတင်းဌာနရဲ့ "ခံစားကြည့်" ဆိုတဲ့ အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ ရန်ကုန်မြို့မှာ ရှောင်တိမ်းနေစဉ်အတွင်း ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ ဖမ်းဆီးခံရကြောင်း သတင်းကို ဩဂုတ် ၁၉ ရက်နေ့က ပြည်ပရောက် မြန်မာသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

သူတို့ကို ဖမ်းဆီးခဲ့‌ပြီးတဲ့နောက် ဘာအဆက်အသွယ်မှ မရတော့ဘဲ ဖြစ်နေရတာဟာ လက်ခံနိုင်စရာမရှိဘဲ အခြေခံအကျဆုံး နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း၊ စာနယ်ဇင်းသမားတွေအပေါ် စစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ အပြုအမူတွေကို ပြသလိုက်တာဖြစ်ကြောင်း RSF ရဲ့ အာရှပစိဖိတ်ဆိုင်ရာ ဌာနအ‌ကြီးအကဲ Daniel Bastard က ပြောပါတယ်။

RSF ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်စာရင်းအရ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ သတင်းစာသမား ငါးဆယ် ဝန်းကျင်ရှိနေပြီး၊ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာက စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့် ၁၄၀ မှာ ရှိနေပါတယ်။