ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးရွာမှာ လက်နက်ထိမှန်လို့ ရွာသား ၇ ဦး သေဆုံး

2019-03-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘူးသီးတောင်မြို့နယ် စည်တော်ကြီးရွာမှာ သေနတ်ထိမှန်ပြီး  သေဆုံးသူတွေကို တွေ့ရစဉ်
ဘူးသီးတောင်မြို့နယ် စည်တော်ကြီးရွာမှာ သေနတ်ထိမှန်ပြီး သေဆုံးသူတွေကို တွေ့ရစဉ်
ဓာတ်ပုံ - မုနိမြီက သွီးရီချောင်းသား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးကျေးရွာမှာ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့တဲ့အတွက် ဒေသခံ ရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။

မနေ့ကည ၁ဝ နာရီကျော်လောက်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးကျေးရွာမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် လက်နက်ကြီးနဲ့ သေနတ်ထိမှန်တဲ့အတွက် သေဆုံးခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး ဒီကနေ့မနက်မှာ ဒေသအာဏာပိုင်တွေ အဲဒီကျေးရွာကို ရောက်သွားချိန်မှာတော့ ဒေသခံရွာသားတွေ မရှိတော့ဘဲ ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က သူတို့နေရာကို ရောက်ရှိသွားချိန်မှာ ရွာသားတွေက မရှိကြတော့ဘဲ ရသေ့တောင်ဘက်ကို ထွက်ပြေးသွားကြကြောင်း RFA ကို ပြောပါတယ်။

"ကျေးရွာသားတွေက ရသေ့တောင်မြို့နယ်ထဲကရွာ၊ ဘူးသီးတောင်မြို့နယ်ထဲက ရွာတစ်ရွာကို သူတို့ ပြောင်းရွှေ့သွားကြပြီ ခင်ဗျ"

သေဆုံးခဲ့သူတွေထဲမှာ ရခိုင်တိုင်းရင်းသား ၆ ဦးနဲ့ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စည်တောင်ရွာက ဒေသခံတစ်ဦးကို RFA က မေးမြန်းကြည့်ရာမှာ အခုလို ပြောပါတယ်။

"ညက ၈ နာရီ ၉ နာရီလောက်မှာ သူတို့က ရွာထဲကိုဝင်တိုက်တာ၊ ဒီအတိုင်းဆက်နေရင်ပစ်မှာ ပစ်ရင်သေမှာပေါ့၊ အသေမခံနိုင်ရင် ပြေးရတာပေါ့"

ဒေသခံတော်တော်များများကတော့ တပ်မတော်က ပစ်ခတ်လို့ လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးတာဖြစ်ကြောင်း ပြောကြပါတယ်။

RFA က တပ်မတော် သတင်းအမှန်ပြန်ကြားရေးက ဗိုလ်မှူးချူပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ညပိုင်းက အဲဒီရွာအနီးမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ နှစ်ဖက်လုံးက ပစ်ခတ်တာတွေရှိတဲ့အတွက် ဘယ်အဖွဲ့က ပစ်ခတ်လို့ ရွာသားတွေ သေနတ်ထိမှန်ခဲ့တယ် ဆိုတာကို မသိနိုင်ကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

"ပြောနိုင်တာကတော့ နှစ်ဖက်တိုက်ပွဲက ညမှာဖြစ်တယ်ဗျ။ ဟိုဘက်ကလည်း ကျေးရွာ ပတ်ဝန်းကျင်တွေမှာ နေရာယူပြီးတော့ ကျေးရွာဟိုဘက်ထိပ်မှာ နေရာယူပစ်တယ်။ တပ်ဖက်ကလည်း ပြန်ပြီးတော့ AA သောင်းကျန်းသူတွေ နေရာကိုပြန်ပစ်တယ်။ ပြန်ပစ်တယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီသေဆုံးသွားတဲ့ဟာနဲ့ ပတ်သက်လို့ကတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ ဒါတပ်ဘက်က ပစ်တဲ့ဟာကြောင့်လား AA ဘက်ကပစ်တဲ့ဟာကြောင့်လားဆိုတာ ပြောရခက်တယ် ။ AA ကလည်း ဟိုဘက်ကနေပြီးတော့မှ ရွာကိုကျော်ပြီးတော့ တပ်ကိုပစ်နေတာပဲ။ တပ်ဘက်ကလည်း  AA ကို ပြန်ပြီး ပစ်တဲ့သဘောရှိတယ်"

ဘူးသီးတောင်မြို့မှာ တိုက်ပွဲဖြစ်နေတာ ၉ ရက်ရှိနေပြီဖြစ်ကြောင်းနဲ့ ဒီကနေ့နေ့လယ်မှာ ရသေတောင်မြို့မှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ရက္ခိုင့်တပ်မတော် AA ဖက်က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဘူးသီးတောင်မြို့မှာ မြန်မာတပ်မတော်နဲ့ ထိပ်တိုက်ပစ်ခတ်မှုမရှိခဲ့ကြောင်း RFA ကို ပြောပါတယ်။

"ထိတွေ့မှု ဘာမှမရှိဘူးဗျ။ အဲဒါက သူတို့ကနေပြီးတော့ ပြည်သူကို တိုက်ချင်လို့ သက်သက်လုပ်ကြံပြီးတော့ ပြောနေတာ၊ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် မီဒီယာကနေပြီးတော့ ဒါပြည်သူတွေကို လိမ်နေတာ၊ ဒီဟာတွေက တော်တော်ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ အဲဒီနေရာမှာ ဘာမှတိုက်ပွဲဖြစ်တာ မရှိဘူး"

ပြီးခဲ့တဲ့ ဇန်နဝါရီလကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်လာတာတွေကြောင့် သေဆုံးသူတွေ၊ ထိခိုက်ပျက်စီးကုန်တဲ့ အဆောက်ဦးတွေအများပြားနဲ့ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါးအထိ ရှိလာတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့