ဆန္ဒပြဖို့ လှုံ့ဆော်မှုကြောင့် စစ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထား
2018.01.19

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်တစ်ခုလုံး လူထုအင်အားနဲ့ ကန့်ကွက်ဆန္ဒပြဖို့ လှုံ့ဆော်တဲ့စာတွေဟာ လူမှုကွန်ယက် ကနေ တဆင့်ပျံ့နှံ့နေပြီး စစ်တွေမြို့က နေရာ ၁၀ ခုလောက်မှာ ရဲအင်အားတွေကို ဒီနေ့ တိုးမြှင့်ချထားပါတယ်။
ပြည်သူလူထုအနေနဲ့ ဆန္ဒပြပွဲတွေလုပ်မယ်ဆိုရင် ဥပဒေနဲ့အညီဆောင်ရွက်ဖို့ကိုလည်း မြို့မိမြို့ဖတွေ၊ သြဇာရှိတဲ့ သူတွေကနေတဆင့် အသိပေးဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
"အခု ကျနော်တို့ကတော့ မြို့မိမြို့ဖတွေ၊ ဒီက သြဇာရှိတဲ့လူတွေနဲ့ အကုန်လုံး ပြည်သူလူထုကို အသိပေးထား ပါတယ်ခင်ဗျ၊ ဆန္ဒဖော်ထုတ်ပွဲလုပ်မယ်ဆိုရင် ငြိမ်းစုစီပေါ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် တင်ပြရမယ်၊ တရားဝင် ခွင့်ပြုချက်ရမှသာလျှင် လုပ်ခွင့်ရှိတယ်၊ ကျနော်တို့ မြို့မိမြို့ဖတွေနဲ့ ကြိုတင်ပြီး အသိပေးနေပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း မြို့ထဲ ၁ဝ နေရာမှာ ဖြန့်ခွဲပြီးတော့ လုံခြုံရေးယူထားပါတယ်၊ အခုအချိန်ထိကတော့ အေးဆေးပါ၊ ဘာမှထူးခြားမှု မရှိပါဘူးဗျာ"
လှုံ့ဆော်တဲ့စာတွေကြောင့် စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဒီနေ့နေ့လည်က ဒေသခံ ၁၀၀ လောက်စုဝေးခဲ့ကြပြီး ဆန္ဒပြပွဲတွေလုပ်မယ်ဆိုရင် ဥပဒေနဲ့အညီဆောင်ရွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုမှုတွေကြောင့် လူစုကွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲမှာ လက်နက်ကိုင်တော်လှန်ဖို့ ထည့်သွင်းဟောပြောခဲ့တဲ့အတွက် ဒေါက်တာအေးမောင်ကို မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေနဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဒေါက်တာအေးမောင်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေက ဒေါက်တာအေးမောင် ဖမ်းဆီးထိန်းသိမ်းခံ ရတဲ့ကိစ္စကို ဥပဒေလမ်းကြောင်းအရသာ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး လူထုဆန္ဒပြပွဲတွေနဲ့ ကန့်ကွက်ဆန္ဒပြ ဖို့ ပြောဆိုမှုတွေဟာ မိမိတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။
စစ်တွေမြို့မှာ လူထုအင်အားနဲ့ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။