ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ မန္တလေးမြို့ နေရာအနှံ့အပြားမှာ စစ်ကောင်စီ ယူနီဖောင်းဝတ် စစ်သားတွေက လမ်းတွေကိုပိတ်ပြီး လမ်းသွားလမ်းလာတွေကို နယ်ကျော်ကတ်မပါရင် သွားခွင့်မပြုဘဲ ဒဏ်ရိုက်စစ်ဆေး တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်း-မန္တလေးလမ်း၊ သိပ္ပံလမ်း ၆၈ လမ်း၊ မနော်ဟရီ ၄၉ လမ်း၊ မင်းကြီးရန်နောင်လမ်း (၁၂၀) စတဲ့ လမ်းတွေပေါ်မှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။
မနက်က ဈေးဝယ်သွားတာကို မရဘူး နယ်ကျော်ကတ်ပါလား အတင်းစစ်တယ်လို့ မန္တလေးမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။
"မြို့နယ်တစ်ခုနဲ့ တစ်ခု နယ်ကျော်ကတ်ကို အုပ်ချုပ်ရေးရုံးကို သွားလုပ်ရတော့ မလုပ်ချင်ကြဘူး၊ သွားလုပ်ရင်လည်း လူတအားများတော့ ကိုဗစ်ကူးမှာ စိုးရတယ်။ သူတို့က ဒီနေ့ တအားစစ်နေတယ်။ နယ်ကျော်ကတ်မပါရင် ဒဏ်ငွေ ၅၀၀၀ ဆောင်ရတယ်။ မနက်ကတော့ အစောကြီးလည်းဖြစ်နေတော့ ဒီနားတင် ဈေးဝယ်လာတာပါ ပြောခဲ့ရတယ်"
မန္တလေး ခုနစ်မြို့နယ်ကို နေအိမ်မှာတင်နေထိုင်ရေး Stay At Home သတ်မှတ်ထားလို့ အကြောင်းမရှိရင် အပြင်မထွက်ဖို့၊ ထွက်ခဲ့ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး စစ်ကောင်စီယာဉ်တန်းနဲ့ လှည့်လည် ကြေညာနေတယ်လို့လည်း မန္တလေးမြို့က ဒေသခံတွေက ပြောပါတယ်။
ယခင်ရက်တွေကလည်း စစ်ကောင်စီအဖွဲ့တွေဟာ အခုလို စစ်ဆေးတာတွေ လုပ်နေပေမယ့် ဒီကနေ့မှာ ပိုမိုတင်းကျပ်ပြီး မနက်အစောပိုင်းကတည်းက စစ်ဆေးတာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။