မုန်တိုင်းငယ်ကြောင့် ဒေသတချို့ မိုးကြီးနိုင်

RFA Burmese
2024.09.09
မုန်တိုင်းငယ်ကြောင့် ဒေသတချို့ မိုးကြီးနိုင် ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်။
Photo: RFA

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ မိုးကြီးနိုင်ပြီး မြစ်၀ကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

မိုးသည်းထန်တာ၊ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာ၀ ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်လို့ ကုန်းမြင့်မှာ နေထိုင်သူတွေက မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေက ရေကြီး၊ ရေလျှံမှုတွေကို သတိပြုကြဖို့ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေ၊ မြစ်၀ကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်က ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေလည်း မုန်းတိုင်းငယ်အန္တရာယ်ကို ကြိုတင်သတိပြုကြဖို့ကိုလည်း အသိပေးထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့မနက်ကနေ လာမဲ့ စက်တင်ဘာ ၁၂ ရက်နေ့အတွင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြစ်၀ကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး မိုးသက်လေပြင်းကျစဉ်မှာ လေတိုက်နှုန်းက အမြင့်ဆုံး တစ်နာရီ မိုင် ၄၀ ခန့်ရှိနိုင်ပြီး လှိုင်းမြင့်က ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။