သြဂုတ်လ ၇ ရက် ည ၈ နာရီလောက်က ဒီပဲယင်းမြို့ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီပဲယင်း ပြည်သူ့ ကာကွယ်ရေးတပ် PDF တို့က စိုင်ပြင်နဲ့ကြည်ရွာ အကြားမှာ မိုင်းခွဲတိုက်ခိုက်လိုက်လို့ စစ်ကား နှစ်စီး မိုင်းထိသွားပြီး နောက်နေ့တွေကစပြီး စစ်ကောင်စီတပ်တွေက နားကရွာတွေဆီ ပစ်ခတ်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဝဲကြီး၊ သပြေဇာ၊ ညောင်လှ၊ နဘဲလှ၊ မရကန်၊ ကုန်းတဲ၊ သစ်တုံ၊ အင်ပင်၊ ညောင်ကြီးကုန်းနဲ့ မူကတွင်း၊ စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး ရွာသားတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ သေနတ်တွေနဲ့ ပစ်ခတ်တာ၊ ဓာတ်ဆီဆိုင်၊ ဆိုင်ကယ် စတာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သြဂုတ်လ ၈ ရက် မနေ့က စစ်ကောင်စီတပ်သား တစ်ရာကျော်လောက်က ညောင်လှနဲ့ ဝဲကြီးရွာတွေက ဘုန်းကြီးကျောင်းမှာ တပ်စွဲကာ ဒေသခံရွာသား ၁၃ ယောက်ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ် ဆောင်သွား ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အဖမ်းခံရတာကတော့ အခုသိရသလောက်ကတော့ ၁၃ ယောက်ထဲမှာ ပြန်လွတ်တဲ့အရေအတွက်ကို ကျနော်တို့ ကွန်ဖမ်းလိုက်လုပ်နေပါတယ်။ အဲဒီတော့ မိထားတဲ့လူတွေလည်း ကျနော်တို့ တော်တော်လေး လက်ပြန်ကြိုးတုပ်ပြီးတော့ ခေါ်သွားတာရှိတယ်။ မနေ့က ပြန်လွတ်တဲ့ ညနေပိုင်း ပြန်လွှတ်လိုက်တဲ့ ခုနစ်ယောက်တော့ရှိတယ်။ အဲဒီ ခုနစ်ယောက်နဲ့တော့ ဆက်သွယ်ဖို့ ကြိုးစားနေဆဲပဲရှိပါသေးတယ်။ အခုကတော့ နှစ်ဦး နှစ်ဖက် ဘယ်သူဘက်မှ အကျိုးမရှိဘူးဗျာ၊ နှိပ်စက်ဖို့နဲ့ ဖျက်ဆီးဖို့ ဦးမထောင်နိုင် အောင် ဆိုတဲ့ရည်ရွယ်ချက်ပါပဲ ဒါကတော့ သေချာပါတယ်”
မိုင်းခွဲခံလိုက်ရလို့ စစ်ကားနှစ်စီးပေါ်က စစ်သားအတော်များများ ဒဏ်ရာတွေရသွားပြီး သေဆုံးသူ ဘယ် လောက်ရှိတယ်ဆိုတာတော့ မခန့်မှန်းနိုင်ဘူးလို့ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ ဒဏ်ရာရသူ အယောက် ၃၀ ထက်မနည်းရှိနိုင်တာမို့ အခဲမကျေဖြစ်ပြီး အဲဒီရွာတွေကို စစ်ကောင်စီက ပြန်လည်ပစ်ခတ် ဖမ်းဆီးတာတွေလုပ်နေတာလို့ ပြောပါတယ်။
"ဒေသခံကတော့ ပြေးရတာပေါ့ဗျာ၊ မပြေးလို့မှ မရတာ၊ ရွာလုံးကျွတ်ပေါ့လေ"
အဲဒီဖြစ်စဉ်ကို စစ်ကောင်စီဖက်က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
ညောင်လှရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ခဲ့သလို လမ်းမှာတွေ့တဲ့ ဆိုင်ကယ် ၈ စီးကိုလည်း မီးရှို့သွားခဲ့ တယ်လို့ ဆိုပါတယ်။ မဲအိုးရွာနဲ့ လက်ယက်ကုန်း ရွာတွေအနီးမှာလည်း သေနတ်တွေနဲ့ ပစ်ဖောက်ခဲ့လို့ လယ်ထွန်နေတဲ့ လယ်သမားတစ်ယောက် သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ သြဂုတ် ၉ ရက်မနက်မှာလည်း မရကန်ရွာက ဓာတ်ဆီဆိုင်တစ်ဆိုင်နဲ့ ကုန်စုံဆိုင်တစ်ဆိုင်ကိုလည်း မီးရှို့သွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ရွာတွေထဲဝင်ပြီး လူတွေ့ပြီဆိုတာနဲ့ ဖမ်းဆီးတာတွေလုပ်နေလို့ တစ်ချို့ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ နောက်ထပ် PDF အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ဒေသခံကတော့ ပြေးရတာပေါ့ဗျာ။ မပြေးလို့မှ မရတာ။ ရွာလုံးကျွတ်ပေါ့လေ။ ဒါကသူတို့က အတွေ့မှ ခံလို့မှမရတာ။ မရဘူးဆိုတာက အသက်ကြီးတာတွေ ငယ်တာတွေ အဲဒီလောက်ကြီး ထိမဟုတ်ဘူး။ လူဆိုရင်ကို ဆော်တော့တာ။ လူဆိုတာကတော့ မပြောတော့နဲ့ဗျာ။ သက်မဲ့ပစ္စည်းတောင်မှ အကုန်ပုံ ပြီးတော့ ယူသွားတာဆို တော်သေးတယ်ဗျာ။ မီးရှို့တယ်ဆိုကတည်းကိုက ဒါက လူဆိုရင်တော့ သတ်မှာပဲ သေချာတယ်။ လူမိရင်တော့ သတ်မှာသေချာတယ်”
အခုအချိန်က မိုးရာသီဖြစ်လာတာကြောင့် ရွာတွေထဲ စစ်ကောင်စီတပ်တွေက ခဏခဏ ဝင်ရောက်ကာ အခုလို ဒုက္ခပေးနေမယ်ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းတွေကို မလုပ်နိုင်တော့ပဲ စားဝတ်နေရေး အခက်အခဲတွေ ကြုံလာတော့မယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုဟာက ကျနော်တို့ဆီမှာ လယ်လုပ်တဲ့အချိန်ရောက်ပြီ။ အရင်နှစ်တုန်းကလည်း နွေတုန်းကလည်း ကျနော်တို့ စပါးမလုပ်ခဲ့ရဘူး။ အခုမိုးမှာလည်း စပါးလုပ်လို့ အဆင်မပြေရင် ကျနော်တို့ တည့်တည့်ပြော ရရင် ငတ်ဖို့ရာပဲရှိတော့တယ်။ နောက်ပြီးတော့ ထွက်ပြေးရတယ် အစ်ကိုရယ်၊ သူတို့လာရင်ကို ကြောက်ရွံ့ ပြီးတော့ လာပြီဆိုရင်ကို သူတို့လာပြီဆိုရင်ကို ကျက်သရေ အဖြာဖြာတုန်းတော့တာ။ အဲဒီ လိုမျိုးအနေ အထားတော့ ရှိတာပေါ့။ အကုန်လုံးက ဘယ်သူမှ ဒီစစ်သားကို မလာစေချင်ဘူးပေါ့။ အခု သူတို့ အဲဒီလို တွေလုပ်လို့ လယ်ပါ ကောင်းကောင်းလုပ်လို့ မရတော့ဘူးဆိုရင် ကျနော်တို့ဆီမှာ အခြေခံ လူတန်းစား အကုန်လုံးက အငတ်ဘေးဆိုက်ရမယ့် အနေအထားဖြစ်နေပြီ”
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့တုန်းကလည်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် တွေနဲ့ PDF တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း လူအစုလိုက်သေဆုံးမှုတွေရှိသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။