စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက မြင်းတန့်ကျေး ကျေးရွာက အိမ်တစ်လုံးကို စစ်ကောင်စီတွေက သြဂုတ်လ ၁၀ ရက်နေ့ ဒီနေ့မနက်မှာ မီးရှို့လိုက်ပြီး ရွာသား သုံးယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ကလည်း မူကတွင်းရွာက ဖမ်းဆီးထားတဲ့ ရွာသား ခုနစ်ယောက်ကို ဖမ်းထားတာ ပြန်လွှတ်မပေးသေးဘဲ သူတို့ကိုလမ်းပြအဖြစ် အသုံးပြုတာ၊ ရွာထဲက ပြန်ခုခံလို့မရအောင် လူသားတံတိုင်း အဖြစ် အကာအကွယ်လုပ်နေတယ်လို့ ဆိုပါတယ်။
“မူကတွင်းရွာက ခုနစ်ယောက်က အခုချိန်ထိပြန်မလွတ်ဘူးဗျ။ ကျန်တဲ့ရွာက ဖမ်းခံရတဲ့လူတွေတော့ ပြန်လွှတ်တာမျိုးရှိတယ်။ မိသားစုဝင်တွေကလည်း ပြန်မလွတ်သေးတော့ အရမ်းစိုးရိမ်နေကြတယ်။ သူတို့က ဘာပြစ်မှုမှ ကျူးလွန်ထားတဲ့သူတွေလည်း မဟုတ်ဘူး”
အဲဒီ ခုနစ်ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် ဘုန်းကြီးကျောင်းသား တစ်ယောက်နဲ့ မသန်စွမ်း တစ်ယောက်လည်းပါတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက အဖွဲ့လေးဖွဲ့ခွဲပြီး တည်တော၊ သပြေကုန်း၊ ပေါက်ရင်း၊ မစိုးရိမ်၊ မြို့ကြီး၊ မြင်းတန့်ကျေး စတဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတယ်လို့ ဆိုပါတယ်။
ရွာထဲဝင်လာတဲ့အခါ စစ်ယူနီဖောင်းတွေ မဝတ်ဘဲ၊ အရပ်ဝတ်နဲ့ အားကစား ဘောင်းဘီတွေဝတ်ပြီး သေနတ် ကိုင်ထားကာ လူမရှိတဲ့အိမ်တွေကနေ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို သယ်တာမျိုးတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းတဲ့အခါ ရွာသားတွေကို အရင်ဖမ်းကာ ဓါးစာခံ အဖြစ် ခေါ်ထားပြီး နောက်ရွာကိုဝင်စီးတဲ့အခါ အရင်ဖမ်းထားတဲ့ လူတွေကိုလွှတ်ပေးပြီး နောက်ထပ် ရွာသားအသစ် တွေကို ထပ်ဖမ်းတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက် ညပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ် PDF က စိုင်ပြင်နဲ့ ကြည်ရွာအကြားမှာ မိုင်းခွဲတိုက်ခိုက်လိုက်လို့ စစ်ကား နှစ်စီး မိုင်းထိသွားခဲ့ရာ နောက်နေ့တွေကစပြီး စစ်ကောင်စီတပ်တွေက အနီးနားကရွာတွေဆီ ပစ်ခတ်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။