BGF ခေါင်းဆောင် ထိုင်းနိုင်ငံအတွင်းဝင်လာရင် ဖမ်းမယ်လို့ ကာကွယ်ရေးဝန်ကြီးပြော
2025.02.12
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ထိုင်းနိုင်ငံကို ဝင်လာတာနဲ့တပြိုင်နက် ဖမ်းဆီးအရေးယူသွားမယ်လို့ ထိုင်းအစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖွမ်ထမ် ဝက်ချယာချိုင်း (Phumtham Wechayachai) ကပြောလိုက်ပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးဖို့အတွက် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့မရတာကြောင့် သူတို့ကိုဖမ်းဖို့ ထိုင်းနိုင်ငံထဲ ဝင်လာချိန်ကို စောင့်ဆိုင်းရမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ကြောင်း The Nation သတင်းက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာဖော်ပြပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဆီးဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖမ်းဝရမ်းတောင်းခံထားပါတယ်။ လက်ရှိမှာတော့ ရာဇဝတ်တရားရုံးရဲ့ ဖမ်းဝရမ်းအတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းရဲအရာရှိ ငါးဦးကိုလည်း လူကုန်ကူးမှုဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိ၊မရှိ စုံစမ်းစစ်ဆေးနေပြီး သူတို့ကို ရာထူးတွေကနေ ပြောင်းရွှေ့နေရာချထားတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ တာ့ခ်ခရိုင် မဲဆောက်၊ မဲရမတ်နဲ့ ဖော့ဖရာခရိုင် ရဲစခန်းသုံးခုက ရဲမှူးတွေပါဝင်ပြီး လက်ရှိအချိန်အထိ ဒီရဲအရာရှိတွေဟာ အပြစ်မရှိကြောင်း ယူဆရဆဲပဲလို့ သတင်းမှာ ဖော်ပြထားပါတယ်။
BGF ဘက်ကတော့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။