အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ်ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေး ပွဲကို သမ္မတ ဦးသိန်းစိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်မယ်လို့ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကို သမ္မတ အိုဘားမားက ကမကထပြုပြီး၊ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့က Sunnylands စင်တာမှာ ဖေဖေါ်ဝါရီ လ ၁၅ ရက် နဲ့ ၁၆ ရက်၊ နှစ်ရက်ကျင်းပမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဆွေးနွေးပွဲကို တက်ရောက်မယ့် မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်မယ့်အမည်စာရင်းနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းမထုတ်ပြန်ခဲ့ပါဘူး။ လေ့လာသူတွေကတော့ ဒီဆွေးနွေးပွဲဟာ သမ္မတ ဦးသိန်းစိန်အတွက် သမ္မတ အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်တွေရှေ့မှာ သူ့ချန်ထားပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးအကြောင်း ပြော ဆိုနိုင်မယ့် နောက်ဆုံးအခွင့်အရေးအဖြစ် ရှုမြင်ကြပါတယ်။
အခုလို အမေရိကန် အာဆီယံ အထူးထိပ်သီး ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတဦးသိန်းစိန် အနေနဲ့ တခြားကိစ္စတွေရှိနေတဲ့အတွက် မတက်ရောက်နိုင်တာဖြစ်ကြောင်း၊ ဒီလောက်သာပြောနိုင်ကြောင်း တယ်လီဖုန်းကတဆင့် ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
အခုအခါ မြန်မာ့တပ်မတော်ဟာ နိုင်ငံ့အသွင်ကူးပြောင်းကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်။ ဘာတွေဆွေးနွေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးထင်ကြေးပေးနေကြချိန်မှာ အခုလို အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် မတက်ရောက်ဘူးဆိုတဲ့ ကြေညာချက်ကြောင့် ခန့်မှန်းဝေဖန် ချက်တွေ ပိုပြီးများပြားလာဖွယ်ရှိတယ်လို့လည်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
ဒီအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Susan Rice ဟာ အာဆီယံ ဆယ်နိုင်ငံက အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တွေ့ဆုံခဲ့တာပါ။ အမေရိကန်အနေနဲ့ အရပ်ဘက်လူ့ဘောင်၊ အစိုးရကောင်း၊ လူ့အခွင့်အရေးကိစ္စတွေ အပေါ် ဗဟိုပြု ထောက်ခံအားပေးနေပြီး၊ အဲဒါတွေဟာ အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲအတွင်း သမ္မတအိုဘားမား အလေးထားဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြပါတယ်။ ဒါ့ပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတုပြောင်းလဲမှု ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး၊ တောင် တရုတ် ပင်လယ်ပြင်ပြဿနာ စတဲ့ ကိစ္စရပ်တွေ ကို ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။