မြန်မာ့သင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်
2024.12.05
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုက အတည်ပြုလိုက်ကြောင်း စစ်ကောင်စီရဲ့ The Global New Light of Myanmar က ဒီဇင်ဘာ ၅ ဒီနေ့ဖော်ပြပါတယ်။
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ဒီဇင်ဘာ ၂ ရက်က ၇ ရက်နေ့အထိ ကျင်းပနေတဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံမှာ ဒီနေ့ အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီက မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ ယူနက်စကို ကို ၂၀၂၃ ခုနှစ်၊ မတ်လက တင်ပြခဲ့တာ ဖြစ်ပါတယ်။
နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောတယ်ဆိုတဲ့အယူအဆနဲ့ တစ်ဦးနဲ့ တစ်ဦး ရေလောင်းကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပုံမှန်အားဖြင့် ဧပြီလ ၁၂၊ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နိုင်ငံအနှံ့ ကျင်းပလေ့ ရှိပါတယ်။
ဒါပေမဲ့ မြန်မာပြည်တွင်းမှာ ၂၀၂၀ ကိုဗစ်ကပ်ရောဂါနဲ့ နောက်ပိုင်း စစ်တပ်အာဏာသိမ်းလို့ သင်္ကြန်ပွဲတော်ကို ပြည်တွင်းမှာ စည်စည်ကားကား မကျင်းပနိုင်တာ ငါးနှစ် ရှိခဲ့ပါပြီ။
ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန် လို့ခေါ်တဲ့ သင်္ကြန်ပွဲတော်ကိုတော့ ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြု ကြေညာထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ဆုန်ကရန်ပွဲတော်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းနေပါတယ်။