ထီးချိုင့်က လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ကိုးဦးအထိ ရှိလာ

RFA Burmese
2024.09.03
ထီးချိုင့်က လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ကိုးဦးအထိ ရှိလာ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသောအဆောက်အအုံများကို ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားစဥ်။
ထီးချိုင့်မြို့နယ်-ပအဖ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က မောင်းကုန်းရွာဈေးအနီးကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိလာပြီး ဒဏ်ရာရသူက ဆယ်ဦးရှိတယ်လို့ ထီးချိုင့်ဒေသခံတွေက စက်တင်ဘာ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး မောင်းကုန်းရွာ ဈေးအနီး စားသောက်ဆိုင်အရှေ့မှာ ရပ်ထားတဲ့ စက်သုံးဆီပေပါ တင်ထားတဲ့ကားပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးတစ်ဝိုက်မှာရှိတဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ခရီးသွားတွေ နားလေ့ရှိတဲ့နေရာမှာ ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးသူတွေထဲမှာ ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေ ပါဝင်တယ်လို့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုးယောက်သေတယ်၊ ဆယ်ယောက်ဒဏ်ရာရတယ်။ ဗိုက်ကြီးသည်တစ်ယောက်လည်း ပါတယ်။ ရွာသားတွေ များတယ်။ မောင်းကုန်းက ခရီးသွား ဖြတ်သွားဖြတ်လာတွေ များတော့ ခရီးသွားတွေလည်း ပါတယ်”

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ သေဆုံးသူတွေထဲမှာ အမျိုးသမီးလေးဦးနဲ့ အမျိုးသားငါးဦး ပါဝင်ပါတယ်။

ဗုံးကြဲချခဲ့တဲ့နေရာဟာ ဒေသခံတွေ ဈေးရောင်းချတဲ့ စုဝေးတဲ့နေရာဖြစ်ကြောင့် အရပ်သားပြည်သူတွေ အစုလိုက်ရှိနေတဲ့ရာကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မောင်းကုန်းရွာ တိုက်ခိုက်ခံရတဲ့ စက်တင်ဘာ ၁ ရက်နေ့မှာပဲ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင်လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။