ငြိမ်းချမ်းရေးဆွေးနွေးဖို့ TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမြို့ကိုရောက်နေ
2025.02.15
တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA/ PSLF) နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဒီနေ့ ရောက်ရှိနေပြီလို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးကို ဖေဖော်ဝါရီလ ၁၆ ရက် မနက်ဖြန် ပြုလုပ်သွားမှာဖြစ်ပါတယ်။
TNLA/PSLF ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ကိုးဦးနဲ့ စစ်ကောင်စီဘက်က ကစထ (၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့က ဆွေးနွေးကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ဟာ မြန်မာပြည်အထက်ပိုင်း ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းနဲ့ပြည်နယ်တွေက စစ်တိုင်း သုံးခုကို ကွပ်ကဲရသူဖြစ်ပြီး မကြာသေးခင်က MNDAA ကိုးကန့်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအကျပ်အတည်းတွေကို ဆွေးနွေးဖြေရှင်းဖို့ဖြစ်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ကိုယ်စားလှယ်တွေက မြန်မာကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့သွားရောက်နေတာ ဖြစ်ပါတယ်။ လက်ရှိက တော့ စစ်ရေးအကျပ်အတည်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်"
လတ်တလော အခြေအနေအရ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲကို ဘယ်နှစ်ရက်အကြာ ကျင်းပသွားမယ်ဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ နေ့က ကျရောက်ခဲ့တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာတော့ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်သွားမှာ ဖြစ်တာကြောင့် တိုက်ပွဲအတွင်း ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက သတိပေးပြောဆိုထားပါတယ်။