ခရစ်ယာန်ခေါင်းဆောင် နှစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ CDF ပြော

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွာမြို့က ဖမ်းဆီးထားတဲ့ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးကို ကတိခံဝန်ချက်နဲ့ ပြန်လွှတ်ပေးမယ်လို့ ဟားခါး CDF အဖွဲ့က သြဂုတ်လ ၁ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။

ကက်သလစ်ဘုန်းတော်ကြီး Rev. Fr. Noel Hrang Tin Thang အနေနဲ့ ဆူရ်ခွာမြို့ကနေ ဟားခါးမြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဖို့နဲ့ CDFအဖွဲ့ရဲ့ သတိပေးချက်တွေကို လိုက်နာဖို့ စတဲ့အချက်နှစ်ချက်ပါတဲ့ ကတိခံဝန်လွှာကို လက်မှတ်ထိုးပေးရင် ပြန်လွှတ်ပေးမယ်လို့ CDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘုန်းတော်ကြီး Rev. Fr. Noel Hrang Tin Thang ကို ဘာသာရေး ဂိုဏ်းဃနကြောင့် ဖမ်းထားတာ မဟုတ်လို့ ဘာသာရေးမှိုင်းတိုက်တာ တစ်ဖက်သတ် မဟုတ်မမှန် သတင်းဖြန့်ဝေတာတွေ မလုပ်ကြဖို့ CDF ထုတ်ပြန်ချက် မှာ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ဟားခါး CDF အဖွဲ့ သိမ်းပိုက်မီးရှို့ခဲ့တဲ့ ဆူရ်ခွာမြို့ရဲခန်းကို စစ်တပ်က ပြန်ရဖို့ ကြိုးပမ်းရာမှာ ကက်သလစ်ဘုန်းတော်ကြီးက ကူညီပံ့ပိုးပေးနေတယ်လို့ CDF အဖွဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲ ထားပါတယ်။

ကက်သလစ်ဘုန်းတော်ကြီးနဲ့ အသင်းအုပ်ဆရာတို့ကို စစ်တပ်က ခေါ်တွေ့နေတာကို သတင်းရထားတာ ကြောင့် ဖမ်းဆီးပြီးမေးမြန်းတဲ့အခါမှာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပြီး၊ လုံခြုံရေးအရ သူတို့နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်၊ ကျန်းမာရေးနဲ့ စားသောက်နေထိုင်ရေးအတွက် ဂရုတစိုက် စီစဉ်ပေးထားတယ်လို့လည်း ဟားခါး CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

သူတို့နှစ်ဦးကို ဇူလိုင် ၂၆ ရက်နေ့က ဆူရ်ခွါမြို့ကနေ ဟားခါးမြို့ကို စစ်တပ်နဲ့ တွေ့ဆုံဖို့အသွား လမ်းမှာ ဟားခါး CDF အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။