မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့တိုင်းနီးပါး လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့အဖွဲ့တွေထဲက ကိုကျော် သီဟ (မန္တလေးတက္ကသိုလ်) နဲ့ မပိုးပီတီခိုင် (မန္တလာတက္ကသိုလ်) တို့ဟာ သြဂုတ်လ ၁၆ ရက် မနေ့က စစ် ကောင်စီရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ ဆန္ဒပြအဖွဲ့မှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။
ကိုကျော်သီဟ ကို ၇၃ လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကား နှစ်စီးပေါ်ကနေ ရိုက်နှက်ဖမ်း သွားပြီး မပိုးပီတီခိုင်လည်း အဖမ်းခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်အင်အားစု အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
“ကိုကျော်သီဟ အဖမ်းခံရတာကို ချက်ချင်းမသိဘူး။ ညသပိတ်လုပ်ကြဖို့ ပြင်နေတဲ့နေရာမှာ စစ်ကောင်စီ အဖွဲ့တွေ မယောင်မလည်လုပ်နေတာကို တွေ့ရတော့ သပိတ်ကိုဖျက်လိုက်တယ်။ အဲဒီအချိန်မှာ လူစစ် ကြည့်တော့ အကုန်ဆက်သွယ်ရတယ်။ တကယ်တော့ ကိုကျော်သီဟက ညနေပိုင်း ၅ နာရီလောက်က ဖမ်းခံလိုက်ရကတည်းက လူရော၊ ဖုန်းရော စစ်ကောင်စီ ထိန်းတာခံလိုက်ရတာ၊ တစ်ပြိုင်တည်းပဲ ကိုကျော်သီဟနဲ့ အတူနေတဲ့ အိမ်တွေကို ဝင်စီးတယ်။ အကုန် ထွက်ပြေးနိုင်ခဲ့ပါတယ်။ ကိုကျော်သီဟ ဖမ်းခံလိုက်ရတယ်ဆိုတာ ဗီဒီယိုဖိုင်တက်လာမှာ သေချာသိကြရတာ၊ မပီတီကိုတော့ ဘယ်လိုဖမ်းခံလိုက် ရလဲ အခုထိ မသိရသေးဘူး၊ ဒီမနက်ထိ သူတို့ဘယ်ခေါ်သွားလဲဆိုတာ စုံစမ်းမရသေးဘူး“
စစ်ကောင်စီအဖွဲ့တွေဟာ ဆန္ဒပြသူတွေကိုဖမ်းဆီးနိုင်ဖို့ မနက် ၄ နာရီ လောက်အထိ နေအိမ်တွေအနီးမှာ စောင့်ဆိုင်းနေကြတယ်လို့လည်း ပြည်ကြီးတံခွန်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းတာ၊ ကားနဲ့ တိုက်တာ စတဲ့အကြမ်းဖက်နည်းလမ်းတွေ အသုံးပြုပြီး ဖမ်းဆီးလေ့ရှိပါတယ်။
မန္တလေးမြို့မှာ မြေပြင်တိုက်ပွဲတွေ အားကောင်းလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံဃသမဂ္ဂ သပိတ်စစ် ကြောင်း၊ မန္တလေးမဟာမိတ် တပ်ပေါင်းစုစစ်ကြောင်း၊ မြတောင် သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် လူထုသပိတ်စစ်ကြောင်း၊ မဟာအောင်မြေမြို့နယ် လူထုသပိတ်စစ်ကြောင်း၊ မန္တလေးလူငယ် သပိတ်စစ်ကြောင်း၊ အလက (၁၂) ထခွဲ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (အကသ) နဲ့ LGBT သပိတ်စစ်ကြောင်းတို့ စုပေါင်းပြီး မန္တလေးသပိတ် အင်အားစုအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ဖွဲ့စည်းထားပါတယ်။