(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ

(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေကို ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့က နေရာအတော်များများမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

2012.09.09
u-oattama-b305 မြန်မာ့လွတ်လပ်ရေးအတွက် အဖိနှိပ်ခံ ကျွန်ဘဝမှ လွတ်မြောက်ရေး အကြမ်းမဖက်ပဲ တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားသည့် ဆရာတော် ဦးဥတ္တမ ပုံတူဖြစ်ပါသည်။
RFA

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ရခိုင်အမျိုးသား ကွန်ယက်အဖွဲ့က ဦးဆောင် ကျင်းပခဲ့တဲ့ ဦးဥတ္တမနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ ကွန်ရက်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းချေ က RFA ကို အခုလို ပြောပါတယ်။

"ဆရာတော် ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပရခြင်း ရည်ရွယ်ချက် ၃ ချက် ရှိပါတယ်။ ပထမဆုံးအချက်ကတော့ အမျိုးသားရေး စိတ်ဓာတ် နိုးကြား ရှင်သန် ထက်မြက်ရေးပဲ ဖြစ်ပါတယ်။ နံပါတ်နှစ်က တမျိုးသားလုံး နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတအရေးတွေမှာ ပါဝင်လာအောင်လို့ ရည်ရွယ်ပါတယ်။ နံပါတ် ၃ အချက်ကတော့ ဆရာတော် ဦးဥတ္တမရဲ့ ပုံရိပ်ကိုလည်း ပြည်သူလူထုရဲ့ အသည်းနှလုံးထဲကို ရောက်အောင် ရခိုင်သူ ရခိုင်သား မျိုးချစ်လူမျိုးတွေရဲ့ အသည်းနှလုံးထဲကို ရောက်အောင် ကျွန်တော်တို့ ရည်ရွယ်တာ ဖြစ်ပါတယ်"

ရွှေဂုံတိုင်က ဆရာတော် ဦးဥတ္တမနေ့ အခမ်းနားကို ဆရာတော် သံဃာတော်တွေ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေအပါအဝင် စုစုပေါင်း ပရိသတ် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အလားတူ (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် (၁၁) ရပ်ကွက် ကံညီနောင် ဘုန်ကြီးကျောင်းနဲ့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။