စစ်ကောင်စီ UEC က နိုင်ငံရေးပါတီနှစ်ခုကို ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်

RFA Burmese
2024.08.06
စစ်ကောင်စီ UEC က နိုင်ငံရေးပါတီနှစ်ခုကို ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

လူ့ဘောင်သစ်ပါတီ (NSP) နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဩဂုတ်လ ၆ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေက တစ်ဆင့် ကြေညာပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ-၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိတာကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပယ်ဖျက်ခံနေရတာဟာ အပြုသဘောဆောင်တဲ့ လက္ခဏာမဟုတ်ဘူးလို့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးဇေယျက RFA ကို ပြောပါတယ်။

"ရပ်ဆိုင်းခံရတဲ့အတွက် ဒါတွေဟာ အပြုသဘောဆောင်တဲ့ လက္ခဏာတွေ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်။ နိုင်ငံရေးနည်းအရ ဖြေရှင်းဆောင်ရွက်မှုကို ရပ်ဆိုင်းသွားနိုင်တယ်ပေါ့နော်။ ရပ်ဆိုင်းသွားတဲ့သဘောကိုဆောင်တယ်လို့ ကျွန်တော်တို့ လူ့ဘောင်သစ်ပါတီအနေနဲ့ ယူဆပါတယ်ဗျ"

UEC က ငြင်းပယ်ရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မ-၆ ပါ ပြဋ္ဌာန်းချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြောစည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ တားမြစ်ထားတာပါ။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီဝင်တစ်ဦး သူတို့ပါတီဟာ အဲဒီပုဒ်မပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းမှုမရှိဘူးလို့ RFA ကို ပြောပါတယ်။

"ဒီပုဒ်မ-၆ထဲ မှာ (က) ကနေ (င) အထိ ရှိတယ်၊ ပုဒ်မ ခွဲတွေလေ။ ကျွန်တော်တို့ တစ်ခုနဲ့မှ ညှိစွန်းတာ မရှိတဲ့ဥစ္စာ။ ဒီပုဒ်မထဲမှာရှိတဲ့ (က) (ခ) စသဖြင့် ဘယ်ဥစ္စာနဲ့ ညှိစွန်းတယ်လည်း မပြောဘူးလေ။ ဒါသူတို့ ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်တာဖြစ်နိုင်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးဆိုတာ ဒီပုံစံနဲ့တော့ မလွယ်လောက်ဘူး ထင်ပါတယ်"

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လူ့ဘောင်သစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ကိုးခုကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြောထားပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီတွေကို အတည်ပြုတာ၊ ပယ်ချတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။