ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတဲ့ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်တွင်း တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ကို အသိသက်သေအဖြစ် ဖိတ်ကြားဖို့ တိုင်းရင်းသား အဖွဲ့တွေအားလုံးက ဒီကနေ့ သဘောတူညီလိုက်ကြ ပါတယ်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်တို့ ဒီနေ့ ရန်ကုန်မြို့၊ ပြည်လမ်း မရမ်းကုန်း မြို့နယ် Cafe 47 မှာ တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီ ခဲ့ကြတာပါ။

တိုင်းရင်းသားတွေရဲ့ သဘောတူညီချက်ကို လက်နက် ကိုင်အဖွဲ့တွေကိုယ်စားပြု အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလံျမုန်းဆာခေါင်က အခုလို ပြောပါတယ်။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုတဲ့အချိန်မှာလည်းပဲ အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုကြားမှသာ ချုပ်ဆိုတာမျိုးမဟုတ်ပဲနဲ့ အသိသက်သေ အဖြစ်နဲ့သော် လည်းကောင်း ပါဝင်ပတ်သက်နေတဲ့ လူတွေအဖြစ်နဲ့သော်လည်းကောင်း ကျနော်တို့ ဒီပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် လိုဟာမျိုးပေါ့ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ဥပမာအားဖြင့် ဦးခွန်ထွန်းဦး တို့လို ဦးအေးသာအောင် တို့လို ဦးနိုင်ငွေသိမ်း တို့လိုခေါင်းဆောင်တွေ ပါဝင်ပတ်သက်ပြီးတော့မှ ကျနော်တို့ လက်မှတ်ရေးထိုးတဲ့ အနေအထားကို ဖန်တီးချင်ပါတယ်"

ဒါ့အပြင် ဒီနေ့ဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လိုအပ်ကြောင်း လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြပြီး မနေ့က မူကြမ်းတစ်ခု ထုတ်ပြန်နိုင်ခဲ့ပါတယ်။