နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီ တိုက်တွန်း

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မေလ ၃၁ ရက်နေ့ နေ့စွဲနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေထံ ပေးပို့လိုက်တဲ့ လုံခြုံရေးကောင်စီရဲ့ ပေးစာမှာ အခုလို ဖော်ပြထားတာဖြစ်တယ်လို့ ဒီစာမိတ္တူရခဲ့တဲ့ AP နဲ့ AFP သတင်းဌာနတွေက မနေ့က သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်မယ်ဆိုတဲ့ ကတိကို အသိမှတ်ပြုကြောင်း၊ ဒါပေမဲ့ စကားအဖြစ်သာမဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ချက်ကို တွေ့မြင်လိုကြကြောင်း၊ နိုင်ငံတကာအသိုင်းဝိုင်း ပါဝင်ပြီး လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုကနေ လက်တွေ့ဆောင် ရွက်ချက်ကို ပြသနနိုင်ပြီး လူ့အခွင့်အရေးချိုးဖောက်သူ အားလုံးကိုလည်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အရေးယူဖို့လိုကြောင်းလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကို လုံခြုံစိတ်ချစွာနဲ့ အတားအဆီအနှောင့်အနှေးမရှိ အမြန်ဝင်ရောက်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မေလ ၁ ရက်နေ့က ကြေညာခဲ့တဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်ကိုလည်း လုံခြုံရေးကောင်စီက ကြိုဆိုထားပါတယ်။