ပြင်ဦးလွင် ရတနာပုံမြို့သစ်အတွက် သာသနိကအဆောက်အအုံ ၁၀၀ ဝန်းကျင် ဖယ်ရှားခိုင်း

အင်သာအနောက်ဘက် ဇီးပင်ကြီး၊ သုံးတောင်အကြား တောရကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို စက်တင်ဘာ ၁၈ နောက်ဆုံးထား ဖယ်ရှားဖို့အမိန့်ထုတ်ထား။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ် စီမံကိန်း ဧရိယာနဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်တိုက် နဲ့ အခြားသာသနိက အဆောက်အအုံ ၁၀၀ ဝန်းကျင်ကို စစ်တပ်ခန့်အစိုးရက ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁၃ ရက် နေ့မှာ RFA ကို ပြောပါတယ်။

အင်သာရွာအနောက်ဘက်ခြမ်း၊ ဇီးပင်ကြီးရွာ၊ သုံးတောင် ဘူတာရွာကြားနေရာတွေက တောရကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ နဲ့ သီလရှင်ကျောင်းတွေ စတဲ့ သာသနိက အဆောက်အအုံတွေကို စက်တင်ဘာ ၁၈ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းနေတယ်လို့ ပြောပါတယ်။

အဲဒီ သာသနိက အဆောက်အအုံတွေဟာ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ ချီ ဆောက်လုပ် တည်ထောင်ထားတာဖြစ်ပြီး သာသနာ့မြေစာရင်း ပေါက်တာ မပေါက်တာ မသိရပေမယ့် အခု မြို့သစ် စီမံကိန်းဧရိယာထဲမှာ အများကြီး ရှိနေတယ်လို့ ပြင်ဦးလွင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အနီးစခန်း သံလမ်းအနောက်ဘက်က သိမ်းထားတဲ့ မြေတွေထဲမှာ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ သူတို့ သိမ်းထားတဲ့ သံလမ်းရဲ့ မြောက်ဘက်၊ ယာဘက်အခြမ်းဘက် စီမံကိန်းဧရိယာထဲမှာလည်းဘုန်းကြီးကျောင်းတွေ ရှိတယ်။ အဲဒါက အောင်ချမ်းသာ ဟိုဘက်က အင်သာ တို့ ဘက်မှာ တွေ့ရတယ်။ ဒါတွေ သူတို့လုပ်နေတဲ့ စီမံကိန်းနဲ့ မလွတ်ဘူးဗျ။”

လတ်တလောမှာလည်း စီမံကိန်းဧရိယာအတွင်း ရှိနေတယ်ဆိုတဲ အကြောင်းပြချက်နဲ့ လမ်းဘေးက အိမ်ရာ နဲ့ ဆိုင်ခန်းတွေကို ဖျက်သိမ်းနေတာကြောင့် ဒေသခံတွေမှာ စိုးရိမ်ထိတ်လန့် နေရတယ်လို့ ဆိုပါတယ်။

အဲဒီစီမံကိန်းအတွက် ပြင်စာရွာနဲ့ သုံးတောင်ရွာမရွာကြားက မြေဧက တစ်သောင်းကိုအသုံးပြုဖို့ စီစဉ်နေတာပါ။

စစ်တပ်ခန့်အစိုးရရဲ့ ပြင်ဦးလွင်ခရိုင် မြို့ပြ နဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးက စက်တင်ဘာ ၇ ရက် နေ့မှာ ဘုန်းကြီးကျောင်းတွေကို စာပို့ကာ ကြိုတင် အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းက ရတနာပုံမြို့သစ် စီမံကိန်းအတွက်ဆိုပြီး သုံးတောင်ရွာမရွာက အိမ် နဲ့ ဆိုင်ခန်း ၁၀၀ ထက် မနည်းဖျက်သိမ်းခံခဲ့ရပါတယ်။

မန္တလေး-ပြင်ဦးလွင် လမ်း ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် အဝင်ပေါက် ကနေ သုံးတောင်ရွာ ကိုးမြို့ရှင် နတ်နန်းအထိ အိမ်နဲ့ ဆိုင်ခန်းတွေဟာ စီမံကိန်း ဧရိယာထဲမှာပါနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခံရတာလို့ ပြောကြ ပါတယ်။

အဲဒီစီမံကိန်းဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၆ ခုနှစ် ဇွန်လကတည်းကစခဲ့တာြဖစ်ပြီး အခုအနှစ်နှစ်ဆယ်အကြာမှာ စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်က ဆက်အကောင်အထည် ဖော်ဖို့ကြိုးစားနေတာပါ။

စက်တင်ဘာ ၂ ရက်နေ့ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဥ်မှာ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အောက်က ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲမှာ စစ်တပ်ခန့်အစိုးရ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ပြင်ဦးလွင်ဆိုက်ဘာစီးတီးမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ရတနာပုံဆိုက်ဘာစီးတီး ဒီစီမံကိန်းအတွက် အနီးစခန်းလေဆိပ်သစ်ကို ဇူလိုင်လ ၁၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ကိုယ်တိုင် သွားပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီလေဆိပ်ဖွင့်တာဟာ ရတနာပုံဆိုက်ဘာစီးတီးကို ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ နဲ့ ရင်းနှီးမြှုပ်နှံသူတွေ အချိန်တိုတိုနဲ့ အလွယ်တကူသွားလာနိုင်အောင်ဖြစ်တယ်လို့ လေဆိပ်ဖွင့်ပွဲ မှာပြောခဲ့ပါတယ်။ တဘက်မှာလည်း အဲဒီစီမံကိန်းတစ်ခုလုံးရဲ့ လမ်း နဲ့ အခြေခံအဆောက်အအုံ တည်ဆောက် ခွင့်တွေ၊ ရေ နဲ့ မီးပေးဝေရေးလုပ်ငန်းတွေကို ဦးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင်ခွင့် ရထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာရေးသားဖော်ပြကြပါတယ်။