ရခိုင်ပြည်နယ် ဂွ၊ ပုဏ္ဏားကျွန်းနဲ့ တောင်ကုတ်မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့မှာ စက်တင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၈ နှစ်ကနေ ၈၅ နှစ်အတွင်းအရွယ် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ဖြစ်ပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းဘက်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြေပြင်၊ ရေတပ်၊ လေတပ် ပေါင်းပြီး ထိုးစစ်ဆင်နေပေမဲ့ တစ်ပတ်ကျော်တဲ့အထိ ရှေ့မတိုးနိုင်ဘဲ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါပဲ။ စစ်မြေပြင်မှာ အသာစီးမရတဲ့ အခြေအနေကြောင့် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာလို့ ပြောချင်ပါတယ်။ ဒီလိုဆက်ဖြစ်နေရင် အရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ နေရပ်စွန့်ခွာရတာတွေ ပိုများလာနိုင်ပါတယ်”
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေရင် စစ်ဘေးဒုက္ခသည် ပိုများလာနိုင်သလို အစားအသောက်၊ ဆေးဝါးနဲ့ ခိုလှုံစရာ အခက်အခဲတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းလည်း ပိုဆိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့က သမိုင်းဝင် ဦးရာဇ်တော်ဘုရားတောင်ခြေ ကြိုးတံတားအနီးကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ AA က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စေတီရင်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်စိုးစိုးနဲ့ ပုဏ္ဏားကျွန်းမြို့ကို အလည်ရောက်နေတဲ့ ရသေ့တောင်မြို့က အသက် ၅၆ နှစ်အရွယ် ဦးမိုးမိုးတို့ သေဆုံးခဲ့ပါတယ်။ အသက် ကိုးနှစ်အရွယ် မဖြူဖွေး၊ အသက် ၇၁ နှစ်အရွယ် ဒေါ်ကျော့စိန်နဲ့ အသက် ၄၃ နှစ်အရွယ် ဦးအောင်ဝင်းမောင်တို့လည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေါ်လှသန်းယဉ် သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ AA က ဆိုပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာ တောင်ကုတ်မြို့နယ် ဝက်ကျိတ်အုပ်စု ရွာသစ်ကေကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၉ နှစ်အရွယ် ဦးတင်မောင် သေဆုံးပြီး အသက် ၆၇ နှစ်အရွယ် ဦးမြင့်ရွှေ ဒဏ်ရာရခဲ့သလို နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၀ ရက်ညမှာလည်း ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် (၁) နဲ့ အမှတ် (၂) ရပ်ကွက်တွေကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အသက် ၈၅ နှစ်အရွယ် ဦးကျော်ခင် သေဆုံးပြီး အသက် ၅၅ နှစ်အရွယ် ဦးချစ်ဆန်းမောင် ဒဏ်ရာရခဲ့ပါတယ်။ နေအိမ် ကိုးလုံးလည်း ပျက်စီးခဲ့တယ်လို့ AA က ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာတော့ ဆမီးမြို့ ဘွေလီကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်၊ ဈေးဆိုင်တွေနဲ့ ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ ပြည်နယ်အတွင်း ၁၇ မြို့နယ်အနက် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲပြီး ကျန် ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ထားပါတယ်။
အခုလို အရပ်သားသေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
